စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ဩဂုတ် ၁၆ ရက် မနက်က ဒေသကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့စခန်းတစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းမီးရှို့သွားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ အင်အား ၅၀ လောက်နဲ့ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး စခန်းအတွင်းက လက်လုပ်ရိုင်ဖယ် ၁ လက်၊ ဖုန်းနဲ့ ပစ္စည်းတချို့ကို ဆုံးရှုံးခဲ့ရတယ်လို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ တာဝန်ရှိသူတစ်ဦးက “ရုတ်တရက် လက်နက်အင်အားရော၊ လူအင်အားရော မမျှလို့ ရှောင်ပေးလိုက်ရတဲ့ သဘောပါ။ တပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိ လွတ်မြောက်ခဲ့တယ်။ တပ်ဖွဲ့အင်အားဖြည့်ပြီး ပြန်တိုက်မယ်လုပ်တော့ ဒီကောင်တွေက ပြေးပြီ”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ စစ်ကြောင်းထိုးလာစဉ် လေးအိမ်စုကျေးရွာအနီး လယ်တောအတွင်း အလုပ်လုပ်နေတဲ့ တောင်သူနှစ်ဦးကို အကြောင်းမဲ့ပစ်သတ်သွားပြီး လေးအိမ်စုကျေးရွာအတွင်းက နေအိမ် ၂ လုံးကိုလည်း မီးရှို့သွားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက အင်အားဖြည့်ပြီး စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကို ပြန်လည်တိုက်ခိုက်ဖို့ လေးအိမ်စုကျေးရွာကို ချဥ်းကပ်ခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဟာ လက်ပံခုံကျေးရွာမှတဆင့် ကလေးမြို့ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အတွင်း ဆုတ်ခွာသွားတဲ့အတွက် တိုက်ပွဲမဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။
ကလေးမြို့နယ်မှာ ဩဂုတ် ၂ ရက်နဲ့ ၃ ရက်နေ့တွေကလည်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ သာယာကုန်းကျေးရွာအနီးမှာ ၂ ရက်ကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။