DVB Logo
Home
မြန်မာသတင်း
EAO ၁၀ ဖွဲ့နှင့် ထပ်တွေ့မည်၊ ပြည်နယ်နှင့် တိုင်း ဝန်ကြီးချုပ်များကို ဖက်ဒရယ်အာဏာပေးထားဟု စစ်ခေါင်းဆောင်ပြော
DVB
·
August 17, 2022
EAO ၁၀ ဖွဲ့နှင့် ထပ်တွေ့မည်၊ ပြည်နယ်နှင့် တိုင်း ဝန်ကြီးချုပ်များကို ဖက်ဒရယ်အာဏာပေးထားဟု စစ်ခေါင်းဆောင်ပြော
Donate to DVB

မကြာသေးခင်ကတွေ့ဆုံထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့ ၁၀ ဖွဲ့စလုံးနဲ့ ထပ်မံတွေ့ဆုံပြီး လက်မှတ်ထိုးနိုင်အောင် ကြိုးစားသွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။

ဩဂုတ် ၁၆ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီ အစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာလို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

“နားလည်တဲ့သူတွေကတော့ ငြိမ်းချမ်းရေးအတွက် လာကြတာပေါ့။ နားမလည်တဲ့သူကတော့ ဘေးကနေပြောနေကြတုန်း ရှိပါသေးတယ်။ အခု ၁၀ ဖွဲ့ ကျနော်တို့ ဆွေးနွေးပြီးသွားပြီ။ မနေ့တစ်နေ့ကပဲ ကျနော် SSPP အဖွဲ့နဲ့ဆွေးနွေးတယ်။ ကျနော်တို့ အားလုံးအောင်မြင်ပါတယ်။ အခုနကပြောတဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ ဖက်ဒရယ် အာဏာကိုပေးထားတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို ခင်ဗျားတို့ လက်ခံလား မေးတော့၊ အကုန်လက်ခံတယ်ပြောတယ်။ ကျနော် ဒုတိယအကြိမ် ပြန်တွေ့မယ်။ ဒီလထဲမှာ ပြန်တွေ့ဖို့ကြိုးစားနေတယ်။ အဖွဲ့ ၁၀ ဖွဲ့လုံးကို အုပ်စုဖွဲ့ပြီး တခါဆွေးနွေးမယ်။ စက်တင်ဘာလကျလို့ရှိရင် တခါသူတို့နဲ့ အားလုံးပြန်တွေ့မယ်။ အဲဒါပြီးရင် လက်မှတ်ထိုးနိုင်ဖို့ကြိုးစားမယ်။ ဒီအတွက်တော့ ဘယ်လောက်ကြာမလဲ ကျနော် မပြောနိုင်သေးဘူး။ အခြေခံသဘောတူညီချက်ရပြီးဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ အနေနဲ့မရစရာ အကြောင်းမရှိဘူးလို့ မြင်ပါတယ်။” လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ ဖက်ဒရယ်အာဏာကို ပေးထားတဲ့ ပြည်ထောင်စုကို သွားရမှာဖြစ်ပြီး လက်ရှိ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေကို ဖက်ဒရယ်အာဏာတွေပေးထားတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။ 

“ဝန်ကြီးချုပ်တွေကိုလည်း ကျနော်ပြောတယ်။ ခင်ဗျားတို့ ဖက်ဒရယ်အာဏာတွေ ခင်ဗျားတို့ရှိနေတယ်။ ဒီအပေါ်မှာ ခင်ဗျားတို့လုပ်ကြည့်ပါ။ အခုလည်း သူတို့လုပ်ကြတာပဲ။ တချို့ ပြည်ထောင်စုကပြောတာ။ ဗဟိုကပြောတာ မဟုတ်ဘူး သူတို့ဖာသာလုပ်နေတဲ့ဟာ။ ရည်မှန်းချက်တွေအများကြီးပါတယ်။ ကျနော်ကလည်း တစ်ချို့ဟာတွေသဘောကျတယ်။ ဒါဆိုကောင်းတယ်။ လုပ်ပါ။ အားပေးပါတယ်။ ခင်ဗျားအတွက် အခက်အခဲရှိရင် ကျနော့်ကိုပြော။ ဒီလိုပြောပါတယ်။ အဲ့ဒီတော့ ကျနော်တို့ ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ ဖက်ဒရယ်အာဏာကို၊ လုပ်ပိုင်ခွင့်ကိုပေးထားတဲ့ ပြည်ထောင်စုကို သွားရမယ်။”

အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနွေးဖို့  ဧပြီလ ၂၂ ရက်က ဖိတ်ခေါ်ခဲ့တာမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ မဖြစ်တာ ၁၀ စုနှစ်နဲ့ချီ ကြာနေပြီဖြစ်တဲ့  တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က နေပြည်တော်ကို သွားရောက် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီ ဖိတ်ခေါ်တဲ့ဆွေးနွေးပွဲကိုလက်ခံပြီး နေပြည်တော်သွားခဲ့တဲ့ အဖွဲ့ ၁၀ ဖွဲ့ကတော့   ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော်(NDAA-မိုင်းလားအဖွဲ့)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ၊  ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊  လားဟူဒီမိုကရက်တစ်အစည်းအရုံး( LDU) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ( SSPP/SSA) အဖွဲ့တို့ ဖြစ်ကြပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ရက္ခိုင့်တပ်တော် (AA) ၊ ချင်းနဲ့ ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေအပါအဝင် လက်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို လက်မခံဘဲ သွားရောက်တွေ့ဆုံခဲ့တာ မရှိပါဘူး။ 

စစ်ကောင်စီဟာ တဖက်မှာ ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီး အပစ်ရပ်ဟန်ပြကြေညာထားပေမဲ့ တိုင်းရင်းရင်းသားဒေသတွေမှာ စစ်အင်အားတိုးချဲ့ စစ်ရေးလှုပ်ရှားမှုတွေ အကြီးအကျယ်ပြုလုပ်နေပြီး  မြေပြင်မှာ တိုက်ပွဲတွေဆင်နွှဲနေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း အဆက်မပြတ်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013