
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ထဲက ရွာသာယာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တပ်သားတွေကို သြဂုတ် ၁၅ ရက်နေ့ နေ့လယ် ၂ နာရီခွဲဝန်းကျင်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဝက်လက်မြို့နယ်အရှေ့ခြမ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့နေရာကို ဒရုန်းနဲ့ ဗုံးကြဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အခြေအနေ အတိအကျကိုတော့ မသိရသေးဘူးလို့ ဝက်လက်မြို့နယ် အရှေ့ခြမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်ကျားကြီးက ပြောပါတယ်။
“ရွာသာယာမှာက တရွာလုံး ပျူရွာ၊ ရွာခံတွေကအစ အကုန် ပျူစောထီးတွေကြီးပဲ၊ အဲဒီနားက ရွာတွေက လူတွေအကုန် သူတို့ကပဲ ပျူသင်တန်းပေးတာ၊ ဒရုန်းနဲ့ ဗုံးကြဲတော့ လူထိလား အတိအကျတော့ မသိဘူး၊ အကုန်လုံးအော်ပြီး ထွက်ပြေးတာပဲ။”
ရွာသာယာကျေးရွာက ပျူစောထီးတွေက ဇီးကုန်းကျေးရွာနဲ့ ကြက်တူရွေးကျေးရွာက စစ်ကောင်စီ တပ်သားတွေနဲ့ ပူးပေါင်းပြီး ကျွန်းကြီးကျေးရွာက နေအိမ်တွေကို ရိုက်နှက်ဖျက်ဆီးပြီး ပစ္စည်းတွေသယ်တဲ့သူတွေ ဖြစ်တယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က တပ်စွဲထားတဲ့ နေရာကို ဒရုန်းနဲ့ ဗုံးကြဲပြီးနောက် ကြက်တူရွေးကျေးရွာက စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး ၁၂၀-မမ နဲ့ ငါးချက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကို ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ Bo Tiger ဗိုလ်ကျားကြီးအဖွဲ့ ၊ တောကြီးမြွေပြွေးအဖွဲ့ ၊ GZ နဲ့ banger မဟာမိတ်လေးဖွဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။