DVB Logo
Home
Lead Story
စစ်အာဏာရှင်အောက်က ကျောမွဲလူတန်းစားတွေရဲ့ဘဝ
DVB
·
August 16, 2022
စစ်အာဏာရှင်အောက်က ကျောမွဲလူတန်းစားတွေရဲ့ဘဝ
Donate to DVB

“ဆန်တပြည်ကို နှစ်ထောင်ကျော်၊ ဆီက တဆယ်သား တထောင်  ဘဲဥတလုံး သုံးရာ၊  မီးသွေးတပိဿာ တထောင် ဈေးတွေက ကြက်သီးထဖို့ကောင်းတယ် ဟင်းသီးဟင်းရွက်ပဲ ကြော်စားရင်တောင် အနိမ့်ဆုံး ငါးထောင်လောက်လက်ထဲရှိမှ စားလို့ရတာ”လို့  ဈေးကအပြန်  နဖူးက ကျလာတဲ့ချွေးတွေကို သုတ်လိုက်ရင်း ဒေါ်အေးမြင့်က ညည်းညူပြောဆိုလိုက်ပါတယ်။

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရဲ့ ဆင်ခြေဖုံးရပ်ကွက်မှာ တစ်လကို အိမ်ငှားခ ၈၅,၀၀၀  ပေးနေရတဲ့ သူတို့မိသားစုမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အလုပ်အကိုင် ရှားပါးလာသလို နေ့စဥ် ထမင်းစားကို နပ်မှန်အောင် စားရဖို့ မနည်းရုန်းကန်ရတယ်လို့ ပြောပါတယ်။

ဒေါ်အေးမြင့်တို့မှာ မိသားစုငါးယောက်ရှိပြီး အိမ်ရှိလူအကုန် အလုပ်ထွက်လုပ်တာတောင် နေ့စဥ် စားဝတ်နေရေးကို အလျင်မမီနိုင်ဘူးလို့လည်း ရှင်းပြပါတယ်။

“ယောကျ်ားက ကယ်ရီဆွဲတယ်၊ သားက ပန်းရန်လုပ်တယ်၊ သမီးက ဈေးရောင်းတယ်၊ အန်တီက အဝတ်လျှော်တယ်၊ အငယ်လေးက အိမ်မှာချက်ပြုတ် သူများတွေကြည့်ရင်တော့ အဆင်ပြေမယ် ထင်တာပေါ့။ ဒါပေမဲ့ ထမင်းစားဖို့တောင် အနိုင်နိုင်ရယ်။ လကုန်အိမ်လစာပေးဖို့ကလည်း စုရသေးတယ်။”

စက်သုံးဆီဈေးနှုန်းမြင့်မားလာပြီး စစ်ကောင်စီတပ်တွေက ဆိုင်ကယ်တွေကို ဖမ်းဆီးတာများလာလို့ ဆိုင်ကယ်ကယ်ရီအလုပ်ကလည်း ဆွဲရတရက်၊ မဆွဲရတရက်နဲ့ အဆင်ပြေတယ်ဆိုတာ မရှိဘူးလို့ ဒေါ်အေးမြင့်ရဲ့ ခင်ပွန်းဖြစ်သူ ဦးလှဝင်းက ပြောပါတယ်။

“အခုက ဆီဆိုင်တွေက ဆိုင်ကယ်တွေကို ဆီမရောင်းတော့ဘူး။ ဆိုင်ကယ်မပြောနဲ့ ကားတွေတောင် လိုသလောက် မရောင်းဘူး။ အဲ့ကျတော့ လမ်းဘေးဆီဆိုင်က တဘူးကို ၂၅၀၀နဲ့ ဝယ်ထည့်ပြီးမောင်းတယ်။ ဆီတစ်လီတာက အသွားအပြန်နှစ်ကြောင်းပဲမောင်းရတယ်။ ကိုယ့်အတွက် သုံးထောင်လောက်ပဲကျန်တယ်။  ဒါတောင်ခရီးသည်ရှာရင် ဆီက ကုန်သေးတယ်"လို့ ပြောပါတယ်။

ဆိုင်ကယ်ကယ်ရီမောင်းနှင်သူတွေကို  စစ်ကောင်စီတပ်က ဖမ်းဆီးတာတွေရှိပြီး ပြီးခဲ့တဲ့ ဇူလိုင်လက ဆိုင်ကယ်ဖမ်းခံရလို့ လက်ရှိဆိုင်ကယ်မှာ အတိုးနဲ့ချေးပြီး ထပ်မံဝယ်ယူထားရတယ်လို့ ဦးလှဝင်းက ရှင်းပြပါတယ်။

“အခုခေတ်မှာ သမ္မာအာဇီဝနဲ့ အလုပ်လုပ်တယ်ဆိုတာ စာထဲမှာပဲရမယ်။ စစ်တပ်နဲ့တွေ့ရင် ရှင်းပြလို့ မရဘူး။ ဦးလေး ဆိုင်ကယ်ဖမ်းတုန်းကဆို ပါးတောင်အရိုက်ခံရတယ်။”

ရန်ကုန်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေကလည်း  ငွေကြေးဈေးကစားမှုကြောင့် ကုန်ပစ္စည်းတွေ ဈေးတည်ငြိမ်တဲ့အခါမှသာ ဝယ်ယူကြလို့ အလုပ်မှာ နေ့တိုင်းမလုပ်ရဘူးလို့ သားဖြစ်သူ ကိုညွန့်ဝင်းက ပြောပါတယ်။

“အိမ်ရှင်တွေက ပြောတယ်။ ဒေါ်လာဈေး အတက်အကျကိုကြည့်ပြီး သူတို့ ပစ္စည်းဝယ်ဆောက်ကြတယ်။ ကိုယ်ပိုင်အိမ်ဆောက်တာ နေဖို့လည်းရှိတော့ အေးဆေးဆောက်တာပေါ့။ ကျနော်တို့က ဒုက္ခရောက်တာ နေ့စားအလုပ်လုပ်ရတော့ အလုပ်မလုပ်ရဘူး။ အဲ့အခါကျရင် တခြားဆိုက်မှာ သွားလုပ်ရတယ်။ ဒီလိုမိသားစုအလိုက်နဲ့ လုပ်ငန်းတွေ အဆင်မပြေတဲ့နေ့မျိုးမှာ ကုန်စိမ်းကို အရင်ရက်ထက် မိုးချုပ်တဲ့အထိ ရောင်းချတယ်” လို့ သမီးဖြစ်သူ မဇာဇာအေးက ပြောပါတယ်။

“အဖေနဲ့ အစ်ကိုကြီး  အလုပ် အဆင်မပြေဘူးဆို ဈေးစောစောမသိမ်းရဲဘူး။ ပိုရောင်းရတယ်။ ဒါပေမဲ့ ညဉ့်နက်အောင် မနေရဲဘူး။ စစ်တပ်က တမျိုး၊ လုယက်တဲ့သူတွေက တမျိုး၊ အကုန်လုံးကို ကြောက်ရတဲ့ခေတ်။ ဈေးသိမ်းရင် အဖေမဟုတ်ရင် အစ်ကိုကြီး လာကြိုခိုင်းရတယ်။ အိမ်မှာလည်း ယောကျ်ားသားတစ်ယောက်ရှိမှ ရတာ။”

စစ်တပ်အာဏာသိမ်းပြီးနောက် ကုန်စိမ်းရောင်းတဲ့သူတွေတောင် ဈေးရောင်းဖို့အတွက် ဈေးကြိုရတာ မလွယ်ဘူးလို့ မဇာဇာအေးက သူ့ရဲ့ အတွေ့အကြုံကို ရှင်းပြပါတယ်။

“ဈေးသွားကြိုတာတောင် တယောက်တည်း သွားလို့မရဘူး။ ဈေးထဲကလူတွေ စုပြီးသွားရတာမျိုး။ ကုန်စိမ်းတွေ မြင်တာတောင် စစ်တပ်က  လှန်လှောပြီး ရှာတာ။ ပြောပြလို့မရဘူး။ တခါကဆို ကန်စွန်းရွက်တွေ၊ ချဥ်ပေါင်ရွက်တွေကို ကားလမ်းမပေါ် လွှင့်ပစ်ပြီးရှာတာ။ တခါတလေ ကျမတို့ကို ရိသဲ့သဲ့ လုပ်သေးတာ။ ဒေါသထွက်လွန်းလို့ ဓားနဲ့တောင် ထိုးချင်တာ။”

ဒီလိုခင်ပွန်းဖြစ်သူ သားနဲ့သမီးက အလုပ်လုပ်ပြီးပြန်လာတဲ့အချိန် စားဖို့ ထမင်း ဟင်း ချက်ရသလို အားတဲ့အချိန် ရပ်ကွက်ထဲ အဝတ်လှည့်လျှော်ပေမဲ့ လက်ရှိခေတ်ရဲ့အနေအထားက အိမ်တွေက အဝတ်မလျှော်ကြတော့ဘူးလို့ ဒေါ်အေးမြင့်က အရင်အချိန်နဲ့လက်ရှိအခြေအနေကွာခြားပုံကို ပြောပြပါတယ်။

“အမေစုလက်ထက်က လူတွေက စီးပွားရေးအဆင်ပြေ။ ကုန်ဈေးနှုန်းတွေက အဆင်ပြေ။ ရပ်ကွက်ထဲမှာ အဝတ်လိုက်လျှော်ရင် တစ်ရက်ကို ခုနှစ်ထောင်၊ တသောင်းပဲ အခုဆို လူတွေက အပိုဝင်ငွေမသုံးတော့ဘူး။ ကိုယ့်အဝတ်ကိုယ်ပဲ လျှော်ကြတော့တယ်။ အကုန်လုံးက ကျပ်တည်းနေကြတာလေ။ ခေတ်ကမကောင်းတော့ဘူး။”

စစ်ကောင်စီက ဆန်တွေ၊ ဆီတွေ ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးနေတယ်လို့ ပြောဆိုနေကြပေမဲ့ တကယ်လက်တွေ့မှာတော့ လူတိုင်းကို ရောင်းချပေးတာမဟုတ်ဘူးလို့ ဒေါ်အေးဝင်းက ပြောပါတယ်။

“ဆီတစ်ပိဿာကို  သုံးထောင်ကျော်နဲ့ ရောင်းပေးတယ်ဆိုတာ လိုင်းပေါ်မှာပဲရှိတာ၊ တကယ်က လာရောင်း ဓာတ်ပုံရိုက် ပြန်သွားတဲ့အဆင့်ပဲ။ အပြင်မှာတကယ်တမ်း ဆီတစ်ပိဿာ တစ်သောင်းဖြစ်နေပြီ ဒါ ငြင်းလို့မရဘူး”လို့ ဒေါ်အေးဝင်းက  ပြောပါတယ်။

ဦးလှဝင်းနဲ့ ဒေါ်အေးမြင့်တို့လို့ ရန်ကုန်တိုင်း မြို့နယ်တချို့မှာနေထိုင်တဲ့ အခြေခံလူတန်းစားတွေဟာ ကျောတခင်းစာ နေစရာအတွက် ရုန်းကန်နေသလို စားဝတ်နေရေးအတွက်လည်း မသေရုံတမယ် လှုပ်ရှားနေရပြီး တဘက်မှာလည်း  မိသားစုလုံခြုံရေးအတွက်လည်း စိတ်ပူနေရကြရတာပါ။ 

“နေရေးအတွက် ပူရတာတမျိုး၊  သူခိုးဓားပြရန်က ပူရတမျိုး၊ အခုက ဖုန်းတစ်လုံးနဲ့ လူသတ်ရင် သတ်တာ။ တရားဥပဒေစိုးမိုးမှု မရှိတော့ဘူး။ မင်းမဲ့တိုင်းပြည် ဖြစ်နေပြီ။ ကိုယ် နေရာရဖို့ပဲ သိတော့ ဘယ်သူသေသေ ငတ်ငတ်ဂရုမစိုက်ဘူး။” လို့ မျက်မှောက်ခေတ် စစ်အာဏာရှင်လက်ထက်  ဆင်းရဲသားမိသားစုတွေ ခက်ခဲကျပ်တည်း ရုန်းကန်ရတဲ့ အခြေအနေကို အိမ်ထောင်ဦးစီး ဦးလှဝင်းက ရှင်းပြပါတယ်။

အိမ်ရှင်မ ဒေါ်အေးမြင့်တယောက်ကလည်း “ကျမကတော့ စစ်တပ် အုပ်ချုပ်တဲ့လက်ထက်မှာ နေရတာထက် အမေစု အုပ်ချုပ်တဲ့ခေတ်ကိုပြန်သွားပြီး ရပ်ကွက်ထဲမှာ လှည့်ပြီးပဲ အဝတ်လျှော်ချင်တယ်”လို့ ပြောပြီး ထမင်းချက်ဖို့ မီးသွေးထုပ်ကို ဆွဲပြီး ထွက်ခွာသွားပါတယ်။ 

မှောင်မည်းနေတဲ့ လိုင်းခန်းအခန်းကျဥ်းလေးထဲမှာတော့ ကလေးငယ်တယောက် အဝတ်တွေ ခေါက်နေတာ မြင်တွေ့ရပါတယ်။ ဒီကလေးငယ်ရဲ့ အနာဂတ်၊ နောက်တော့ သူတို့လို  အခြေခံလူတန်းစား မိသားစုတွေရဲ့ ဘဝရှေ့ရေး အနာဂတ်၊ ပြီးတော့ မြန်မာပြည်ရဲ့ အနာဂတ်ဟာလည်း  မျှော်လင့်ချက် အလင်းရောင်တစုံတရာ မမြင်ရဘဲ ပိန်းပိတ်အောင် မှောင်မည်းလို့ နေလေရဲ့။

မြင့်မြတ်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013