DVB Logo
Home
Lead Story
ရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မယှဉ်ပြိုင်ရဲသည့် မြန်မာစစ်ကောင်စီ
DVB
·
August 16, 2022
ရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မယှဉ်ပြိုင်ရဲသည့် မြန်မာစစ်ကောင်စီ
Donate to DVB

နေပြည်တော်ထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ထပ်တိုးချမှတ်လိုက်တဲ့ စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ဝင်မပြိုင်နိုင်အောင်နဲ့ နိုင်ငံရေးကနေ ထွက်သွားအောင် လုပ်ဆောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ထိုင်းနိုင်ငံက နိုင်ငံရေးသုတေသီတဦးက သုံးသပ်ပြောပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာရှိတဲ့ သမ္မာဆက်တက္ကသိုလ်၊ Pridi Banomyong ကောလိပ် ဧည့်ပါမောက္ခ စူပါလတ်ဂန်ဂျနာခွန်ဒီးက ရိုက်တာသတင်းဌာနကို သုံးသပ်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ပါမောက္ခ စူပါလတ်ဂန်ဂျနာခွန်ဒီးက “သူတို့လူနဲ့ သူတို့လုပ်တဲ့ တရားရုံးမှာ ဘယ်သူမှမသိ ဘယ်သူမှမကြားရဘဲ ပြစ်ဒဏ်ချမှတ်လိုက်ပြီဆိုတည်းက မြန်မာစစ်အာဏာရှင်တွေက မြန်မာနိုင်ငံကို တရားဥပဒေနဲ့အညီ အုပ်ချုပ်ခြင်းမရှိတာကို ပြနေတာပါပဲ။ ဒုတိယအချက်က ဒီလို ပြစ်ဒဏ်ချမှတ်တာတွေကြောင့် မြန်မာလူထုက စစ်ကောင်စီရဲ့ မမျှတမှု၊ တရားဥပဒေနဲ့ မညီမှု၊ မတရားမှုတွေကို သိမြင်လာလေလေ ပိုပြီးတော့ မကျေနပ်လာလေ၊ ပဋိပက္ခတွေ များလာလေ ဖြစ်လာမှာပါပဲ။ တတိယအချက်က ဒီလုပ်ရပ်တွေဟာ မြန်မာ့အရေးမှာ တင်းမာမှုတွေ လျေှာ့ချဖို့ ကြိုးပမ်းနေတဲ့ အာဆီယံရဲ့ ဆောင်ရွက်ချက်တွေကို ဂရုမစိုက်တဲ့ သဘောပဲဖြစ်တယ်” လို့ ပြောပါတယ်။

လာမယ့်အနာဂတ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးလောကမှာ ပြန်မြင်ခွင့်ရှိနိုင် မရှိနိုင်လည်း မသေချာဘူးလို့ ထိုင်းပညာရှင်က ဆိုပါတယ်။

“ကျနော်တို့ သတိထားရမယ့်အချက်က ဒေါ်အောင်ဆန်းစုကြည်က အခုဆိုရင် အသက် ၇၇ နှစ် ရှိနေပြီ။ ဒီထောင်ဒဏ်တွေ မရှိရင်တောင်မှ အနာဂတ်မှာ နိုင်ငံရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ သူ့အတွက် ပိုခက်ခဲလာပြီ။ ဘယ်လိုရွေးကောက်ပွဲမျိုး၊ ဘယ်လိုအခြေအနေနဲ့ ဖြစ်လာမလဲတော့ မသိနိုင်ပေမဲ့ စစ်အာဏာရှင်တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို NLD နဲ့ရော၊ တခြား အတိုက်အခံပါတီတွေနဲ့ပါ အဆက်အသွယ်ဖြတ်ပြီးတော့ နိုင်ငံရေးကနေ ထွက်သွားအောင် ဖိအားဆောင်ရွက်နေတာလို့ မြင်ပါတယ်။ မင်းအောင်လှိုင်က ရွေးကောက်ပွဲကို ပြိုင်ဘက်မရှိ တဦးတည်း ပြိုင်ချင်ပုံရတယ်” လို့ ပါမောက္ခ စူပါလတ်ဂန်ဂျနာခွန်ဒီးက ပြောပါတယ်။

“ပထမ သူ့ကို ထောင်ဒဏ် ၁၁ နှစ်ချပြီးပြီ၊ အခု နောက်ထပ် ၆ နှစ်၊ နောက်ထပ် ဘယ်နှနှစ် ထောင်ဒဏ်ချမှတ်ခံရမလဲတော့ မသိဘူး။ အာဆီယံနဲ့ နိုင်ငံတကာအဖွဲ့တွေရဲ့ အကူအညီတွေ မပါဘဲနဲ့တော့ ဒေါ်အောင်ဆန်းစုကြည်ကို အပြင်မှာ လွတ်လွတ်လပ်လပ်မြင်ရဖို့ မဖြစ်နိုင်တော့ဘူး။ နိုင်ငံရေးဇာတ်ခုံမှာ သူ့ကိုပြန်မြင်ရဖို့ဆိုတာလည်း မသေချာတော့ဘူး။”

အာဆီယံအဖွဲ့အနေနဲ့ ရုရှားနဲ့ တရုတ်တို့ကို မင်းအောင်လှိုင်ကို အကူအညီမပေးဖို့ ညှိနှိုင်းဖျောင်းဖျသင့်တယ်လို့ ထိုင်းနိုင်ငံရေးသုတေသီကတော့ အကြံပြု တိုက်တွန်းလိုက်ပါတယ်။

“မင်းအောင်လှိုင်က ရုရှားနဲ့ တရုတ်လို ကမ္ဘာ့အာဏာရှင်တွေကိုသုံးပြီး ကစားနေတာလို့ ထင်ပါတယ်။ အာဆီယံအနေနဲ့ ဒီထက်ပိုကြိုးစားပြီးတော့ ရုရှားနဲ့ တရုတ်တို့ကို ဆက်သွယ်ပြီး မင်းအောင်လှိုင်ကို ဆက်မကူညီဖို့ ဖျောင်းဖျရမယ်။ အဲဒီတော့မှ အာဆီယံရဲ့ သဘောတူညီချက် ၅ ချက်ကို လိုက်နာနိုင်ဖို့ မင်းအောင်လှိုင်ကို ဆက်ပြီး ဒီထက်ပိုတဲ့ ဖိအားတွေ ပေးရမယ်လို့ ထင်ပါတယ်။ အဲလိုမှ မဟုတ်ရင်တော့ ရုရှားနဲ့ တရုတ် ကျောထောက်နောက်ခံကို ယူပြီးတော့ မင်းအောင်လှိုင်က ဆက်ပြီး ကျူးလွန်နေဦးမှာပဲ” လို့ ပါမောက္ခ စူပါလတ်ဂန်ဂျနာခွန်ဒီးက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အဂတိအမှုတွေနဲ့ စွပ်စွဲပြီး နေပြည်တော်အချုပ်ထောင်တွင်း တရားရုံးက ဩဂုတ် ၁၅ ရက်မှာ ထောင်ဒဏ် ၆ နှစ် ထပ်မံချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့ အမှုစုစုပေါင်း ၂၀ ထက်မနည်းရှိခဲ့ပြီး အဲ့ဒီအထဲက ၆ မှုအတွက် စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၁၁ နှစ် ကနဦး ချမှတ်ထားရာကနေ ထောင်ဒဏ် ၆ နှစ် ထပ်ချလိုက်တဲ့အတွက် စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ်အထိ ရှိသွားပြီဖြစ်ပါတယ်။

အသက် ၇၇ နှစ်ရှိနေပြီဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုချိန်မှာ နေပြည်တော်က သီးသန့်အကျဉ်းထောင်မှာ   အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် နှစ် ၁၉၀ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့အပေါ်စွပ်စွဲထားတဲ့ အမှုတွေအားလုံးကို အခြေအမြစ် မရှိဘူးလို့ ပြောပြီး ငြင်းဆန်ထားခဲ့သလို အခုလို မတရားစွပ်စွဲ ပြစ်ဒဏ်ချနေတာဟာ ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ စစ်ကောင်စီရဲ့ ကောက်ကျစ်လီဆယ်မှုအဖြစ် နိုင်ငံတတကာ အသိုက်အဝန်းနဲ့ မြန်မာပြည်သူတွေက သတ်မှတ်ထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013