DVB Logo
Home
မြန်မာသတင်း
ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်သွားရောက်
DVB
·
August 16, 2022
ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ မြန်မာနိုင်ငံသို့  ပထမဆုံးအကြိမ်သွားရောက်
1 / 3
Donate to DVB

ရာထူးခန့်အပ်ခံရပြီးကတည်းက မြန်မာနိုင်ငံကို သွားခွင့်မရခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဒေါက်တာ နိုလင်းဟေဇာဟာ ဒီနေ့မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိတယ်လို့ ကုလသမဂ္ဂက ဩဂုတ် ၁၅ ရက်မှာ သတင်းထုတ်ပါတယ်။ 

နိုလင်းဟေဇာဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလက စတင်ကာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတာဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကို လာရောက်ခွင့်ရတဲ့ ခရီးစဉ်ဖြစ်ပါတယ်။ 

မြန်မာပြည်မှာ ပိုမိုယိုယွင်းဆိုးရွားလာနေတဲ့ အခြေအနေတွေနဲ့ ချက်ချင်းအရေးပေါ်ဆောင်ရွက်ဖို့လိုတဲ့ ကိစ္စရပ်တွေကို ဖော်ထုတ်ဆောင်ရွက်နိုင်ဖို့ နိုလင်းဟေဇာက အာရုံစိုက်ပြီး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ် ထုတ်ပြန်ပြောပါတယ်။ ဆက်လက်ပြီး သူ့ရဲ့တာဝန်နဲ့ လုပ်ပိုင်ခွင့်ဘောင်ထဲကနေ  အလေးထားဆောင်ရွက်ဖို့ရှိတာတွေကိုလည်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီခရီးစဉ်မတိုင်ခင်  အထူးကိုယ်စားလှယ်ဟာ မြန်မာပြည်ပဋိပက္ခမှာပါဝင်နေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လူမှုရေးအဖွဲ့ အစည်းတွေ၊ လူမှုအသိုင်းအဝိုင်းတွေနဲ့ အချိန်ယူကာ အလေးအနက်ဆွေးနွေးလေ့လာခဲ့တယ်လို့ ကုလသမဂ္ဂထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာဟာ မြန်မာနိုင်ငံကို ဩဂုတ် ၁၆ ရက်မနက်က ရောက်ရှိလာတယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

နိုလင်းဟေဇာက မြန်မာပြည်ခရီးစဉ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် အပါအဝင် စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမလားဆိုတာ မသိရသေးသလို အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရမလားဆိုတာလည်း မသေချာသေးပါဘူး။

အကျဉ်းထောင်တွင်း အကြမ်းဖက်သတ်ဖြတ်မှုနဲ့ အရပ်သားတွေအပေါ် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ထိထိရောက်ရောက်ပေးအပ်နိုင်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီမိုကရေစီခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ရဖို့ နိုလင်းဟေဇာရဲ့ ခရီးစဉ်အတွင်းမှာ  ဦးစားပေးသင့်တဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့ နည်းပညာ ဝန်ကြီး ဦးထင်လင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ဟာ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်တပ်က နောက်ထပ် ထောင်ဒဏ် ၆ နှစ်ပြစ်ဒဏ်ထပ်တိုး ချမှတ်ချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ 

အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်တန့်ဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေ အတားအဆီးမရှိ ပေးပို့ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက နောက်ဆုံးထုတ်ပြန်တောင်းဆိုခဲ့ပြီးနောက်မှာ နိုလင်းဟေဇာရဲ့ ဒီခရီးစဉ်ဖြစ်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

Ref- UN/AP

Photo-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013