
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ မင်းတိုင်ပင်ရွာကနေ ပုလဲမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF အဖွဲ့ပေါင်းစုံတို့ ဩဂုတ် ၁၅ ရက် မနက် ၁၁ နာရီလောက်က ကမ္ဘားရပ်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီတပ်က အင်အား ၂၀၀ နီးပါးလောက်နဲ့ ပုလဲမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာလို့ ရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုလဲဒေသခံရွာသားတစ်ဦးက “ကျနော်တို့ ကမ္ဘားရပ်ရွာက ဒေသခံတွေကတော့ သူတို့ မင်းတိုင်ပင်ရွာကနေ ထွက်လာပြီ သတင်းကြားကတည်းက ကျနော်တို့ရွာနဲ့ တခြား ထိန္နဲး၊ ပုထိုးသာရွာ၊ ရွာသစ်၊ ဇီးဖြူကုန်း၊ အေးကုန်း၊ နုံးတန်းစတဲ့ အနီးပတ်ဝန်းကျင် ၁၀ ရွာကျော်က ဒေသခံတွေ အကုန်ထွက်ပြေးနေရတယ်”လို့ ပြောပါတယ်။
ကမ္ဘားရပ်ရွာဟာ မင်းတိုင်ပင်ရွာနဲ့ ကတ္တရာလမ်းအတိုင်းသွားမယ်ဆိုရင် လေးမိုင်လောက်သာဝေးပြီး တောလမ်းအတိုင်းဆိုရင် လေး မိုင်မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့ မင်းတိုင်ပင်ရွာကို ဩဂုတ်လ ၁၁ ရက်နေ့က လေယာဉ်ခြောက်စီးနဲ့ လာချတယ်။ အဲဒီနေ့ တိုက်ပွဲတစ်ကြိမ်ဖြစ်တယ်။ နောက် ၁၂ ရက်နေ့ တစ်ကြိမ်ဖြစ်တယ်။ နောက် ၁၄ ရက်နေ့မှာ မင်းတိုင်ပင်ကနေ ကမ္ဘားရပ်ရွာဘက်ကို စခတွေ ထွက်လာတယ်။ အဲလိုထွက်လာတဲ့အခါ ကျနော်တို့ ပုလဲ၊ ယင်းမာပင်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ပေါင်းစုံနဲ့ ကိုနဂါးအဖွဲ့၊ PRAအဖွဲ့တွေနဲ့ စခတပ်တွေနဲ့ ထိပ်တိုက်တိုက်ပွဲ နှစ်ကြိမ်ဖြစ်တယ်။ စခတွေအဲနေမှာ အကျဆုံးများတယ်။ သူတို့အကျဆုံးများလို့ ကမ္ဘားရပ်ရွာကို မီးရှို့တယ်။”
ဩဂုတ် ၁၅ ရက်မှာလည်း ကမ္ဘားရပ်ရွာအနီးမှာ တိုက်ပွဲထပ်ဖြစ်ပွားပြီး မွန်းလွဲ ၂ နာရီလောက်မှာတော့ ပျူစောထီးနဲ့ စစ်ကောင်စီတပ်တွေ တပ်ချထားတဲ့ အင်မထီးကျေးရွာကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PDF တပ်ပေါင်းစုမဟာမိတ်အဖွဲ့တွေထံက သိရပါတယ်။
စစ်ကောင်စီတပ်ကို ယင်းမာပင်မြို့နယ် ပြည်သူကာကွယ်ရေး အဖွဲတပ်ရင်းပေါင်စုံ၊ ပုလဲပြည်သူကာကွယ်ရေးတပ်ရင်းပေါင်းစုံနဲ့ PRAအဖွဲ့၊ ဗိုလ်နဂါးဦးဆောင်တဲ့ မြန်မာတော်ဝင်နဂါးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။
မဟာမိတ်တပ်ပေါင်းစု ခေါင်းဆောင်ဆရာပေက “ပစ်တာကတော့ ကျနော်တို့မြိုင်၊ ယင်းမာပင် ၊ ပုလဲ ၊ဆားလင်းကြီး လေးမြို့နယ်မဟာမိတ် တပ်ပေါင်းစုအဖွဲ့ သွားရောက်ပစ်ခတ်ခဲ့တာဗျ။ အထိအခိုက်ကတော့ ကျနော်တို့ ဘက်ကမရှိခဲ့ဘူး။ ရွာအပြင်ကနေ ပစ်ရတာဆိုတော့ သူတို့ဘက်အ ကျဆုံးအတိကျတော့ မပြောနိုင်သေးဘူး”လို့ ပြောပါတယ်။
ဩဂုတ် ၁၁ ရက်မှ ၁၅ ရက်အထိတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၃၀ ကျော်သေပြီး ထိခိုက်ဒဏ်ရာရ သူတွေလည်းရှိခဲ့သလို PDF တွေဘက်ကလည်း တယောက်ကျဆုံး နှစ်ယောက် ဒဏ်ရာရထားတယ်လို့ ပုလဲမြို့နယ်တပ်ရင်း ၂ ရဲဘော်တယောက်က ပြောပါတယ်။
ပုလဲမြို့နယ်အတွင်း တိုက်ပွဲတွေမှာ နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ကျဆုံးအထိအခိုက်စာရင်း အတိအကျကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီပြန်ကြားရေးကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတဲ့ အခြေအနေအပါအဝင် စစ်ရေးသတင်းတွေကို အများပြည်သူသိအောင် ထုတ်ပြန်လေ့မရှိဘဲ သတင်း အမှောင်ချထားပါတယ်။