DVB Logo
Home
မြန်မာသတင်း
လှေခုတ်ရွာကို စစ်ကောင်စီတပ် ထပ်မံမီးရှို့၊ အသက် ၉၀ အရွယ် အဘွားအိုတဦး မီးထဲပါသွား
DVB
·
August 15, 2022
လှေခုတ်ရွာကို စစ်ကောင်စီတပ် ထပ်မံမီးရှို့၊ အသက် ၉၀ အရွယ် အဘွားအိုတဦး မီးထဲပါသွား
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ လှေခုတ်ရွာကို သြဂုတ် ၁၅ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က ထပ်မံ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၁၅၀ ထက်မနည်း မီးလောင်ဆုံးရှုံးခဲ့ပြီး အသက် ၉၀ အရွယ် အဘွားအို ၁ ဦး မီးထဲပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆင်တဲရွာမှာ ညအိပ်တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့မနက် ၁၁ နာရီခွဲလောက်မှာ လှေခုတ်ကျေးရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့တာလို့ လှေခုတ်ရွာဒေသခံယောက်က ဒီဗွီဘီကို ပြောပါတယ်။

“စစ်(...)တွေဟာ သြဂုတ်လ ၁၃ ရက်နေ့ကတည်း ကလှေခုတ်ရွာကို ဝင်ရောက်မီးရှို့ခဲ့လို့ အိမ်ခြေ ၈၀ လောက်မီးလောင်ကျွမ်းခဲ့တယ်။ ဒီနေ့နဲ့ဆိုရင် ၁၅၀ ထက်မနည်းမီးလောင်သွားပြီ။ စစ်(...)တွေ ပြန်ဆုတ်သွားတော့ ရွာသားတချို့ ရွာထဲကိုပြန်ဝင်ပြီး နေကြတယ်။ အဘွားအိုကတော့ မပြေးနိုင်တော့လို့ နေအိမ်မှာ ချန်ထားခဲ့ရတာ။ မီးကတော့ ညနေပိုင်းအထိ လောင်နေတုန်းပဲဗျ။ ဘယ်သူမှလည်း သွားမငြိမ်းရဲကြဘူး။” 

စစ်ကောင်စီတပ်ဖွဲ့ဟာ နေရင်း၊ မင်းရွာနဲ့ ဆင်တဲကျေးရွာတွေမှာ အင်အား ၂၀၀ လောက်နဲ့ အထိုင်ချပြီး ရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေကြသလို နောက်ထပ်လည်း လူအင်အား လက်နက်အင်အားတွေ ထပ်တိုးထားလို့ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ရေလယ်ကျွန်းဒေသမှာ စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ကျော်လောက်ရှိနေပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ် အထည်၊ စောင် ခြင်ထောင်၊ အမိုး အကာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အရေးပေါ် အကူညီလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ မေ ၃၁ ရက်နေ့အထိ အိမ်ခြေ ၃၀၅၅ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၁၈၈၈၆ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ဇွန်လ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013