DVB Logo
Home
မြန်မာသတင်း
စစ်တပ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၂၁၉၀ ကျော်နှင့် သေဒဏ်ချခံရသူ ၁၂၅ ဦးရှိလာ
DVB
·
August 15, 2022
စစ်တပ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၂၁၉၀ ကျော်နှင့် သေဒဏ်ချခံရသူ ၁၂၅ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၁၉၁ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၅,၁၂၄ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၅ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၂,၀၂၇ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၃၉၀ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၈၃ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၅ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၀၇၅ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၀၉ ခုထက်မနည်းရှိခဲ့တယ် လို့ ဆိုပါတယ်။

အိုးဘိုအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုနောင်ထက်အောင်ကို အကျဉ်းထောင်တွင်း အထူးတရားရုံးကနေ ရုံးထုတ်ခြင်းမရှိဘဲ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ကိုနောင်ထက်အောင်ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က နဲ့ ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်မှာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တာဖြစ်ပြီး ကိုနောင်ထက်အောင်နဲ့အတူ မျက် ကွယ်ပြစ်ဒဏ်ချခံရသူတွေထဲမှာ အခြေခံပညာ သပိတ်ကော်မတီမှ ကိုနိုင်းသီဟကျော်လည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ် ၁၂ ရက်ကလည်း မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ရှားစေးချက်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု တပ်သားတွေက ဝင်ရောက်စီးနင်းကာ မီးရှို့ခဲ့ပြီး ဒေသခံရွာသား ကိုရဲဝင်းနိုင်ကို ညှဉ်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ကိုရဲဝင်းနိုင်ဟာ ဦးခေါင်းကြေအောင် ရိုက်နှက်ခံထားရပြီး လက်ဖျားတွေကို ချိုးခံထားရကာ မျက်လုံးတွေလည်း ဖောက်ခံထားရတယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013