DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ရဲမှူးအပါအဝင် ၁၂ ဦးသေဆုံးဟု ကေအန်ယူ ထုတ်ပြန်
DVB
·
August 15, 2022
ကော့ကရိတ်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ရဲမှူးအပါအဝင် ၁၂ ဦးသေဆုံးဟု ကေအန်ယူ ထုတ်ပြန်
Donate to DVB

ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်မှာ ဩဂုတ် ၁၅ ရက် ဒီကနေ့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က ရဲမှူးအပါအဝင် ၁၂ ယောက်သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် လက်နက် ၆ လက်နဲ့အတူ တရားဥပဒေအရာရှိ ၁ ယောက်၊ ရုံးလုပ်သား ၁ ယောက်တို့ကိုပါ အရှင်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်က ကျေးရွာတွေဘက်ကို လက်နက်ကြီး အချက် ၅၀ ထက်မနည်းပစ်ခဲ့ပြီး အရပ်သားတယောက် စိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသာလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ မြန်မာ့နွေဦးတော်လှန်ရေးမှာ ရရှိထားခဲ့တဲ့ ရန်ပုံငွေတွေထဲက ၉၀ ရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် အသုံးပြုထားတယ်လို့ ပြောပေမယ့် မြေပြင်မှာတော့ လက်နက်အင်အားတောင့်တင်းတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ဖို့အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေဟာ အပေါ့စားလက်နက်တွေ၊ အခြေခံသုံး ရိုင်ဖယ်တွေနဲ့ လက်လုပ်ဖောက်ခွဲရေးပစ္စည်းတွေကို သုံးနေရသလို လိုအပ်ချက်တွေလည်း ရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ပြီးခဲ့တဲ့ ဇွန် ၂၁ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတဝန်းမှာတော့ ပဋိပက္ခနဲ့ တိုက်ပွဲတွေကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ဦးရေဟာ ၁ ဒသမ ၂ သန်းကျော် ရှိလာခဲ့ပြီဖြစ်ကာ ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းမှာတော့ ပြည်တွင်းနေရပ် စွန့်ခွာသူဦးရေ အများဆုံးစံချိန်တင်ခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။

အဲဒီထဲမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ ၈၆၆,၀၀၀ ယောက်နဲ့ အဲဒီမတိုင်မီ ပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ် စွန့်ခွာသူ ၃၄၆,၀၀၀ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013