DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် ကျေးရွာများအား မီးရှို့ဖျက်ဆီးသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရ၊ ၄ ဦးသေပြီး ၂ ဦး ဒဏ်ရာရ
DVB
·
August 15, 2022
မကွေးတိုင်းတွင် ကျေးရွာများအား မီးရှို့ဖျက်ဆီးသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရ၊ ၄ ဦးသေပြီး ၂ ဦး ဒဏ်ရာရ
1 / 2
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ သြဂုတ် ၁၄ ရက်နေ့ ညနေပိုင်းက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မြိုင် ပ.က.ဖ နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၄ ယောက် သေဆုံး၊  ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ က ပြောပါတယ်။

မြိုင်မြို့နယ်တွင်းမရွာဘက်ကနေ ပေါက်မြို့နယ်အစပ်ကို အင်အား ၁၅၀ လောက်နဲ့ စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ကို သြဂုတ် ၁၄ ရက်နေ့ ညနေ ၅ နာရီလောက်က ပေါက်နယ် ကန်သစ်နဲ့ ထန်းပေါက်ကုန်းရွာကြားမှာ မြိုင် ပ.က.ဖနဲ့ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူးဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ဘက်က မိုင်းပွိုင့် ၁၁ လုံးခွဲပြီးတိုက်ခိုက်ခဲ့လို့ စစ်(...)ဘက်က ၄ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အတွင်းသတင်းတွေအရ သိရတယ်။ ကျနော်တို့ဘက်က ရဲဘော်တွေကတော့ အထိအခိုက် အကျအဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်။”

အဲဒီမိုင်းဆွဲ တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား သေဆုံးဒဏ်ရာရတဲ့ အခြေအနေကိုတော့ ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ကျေးရွာ ၁၀ ရွာလောက်က နေအိမ် ၂၀၀ လောက်ကိုလည်း မီးရှို့ဖျက်ဆီးကာ ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့ ရှားစေးချက်ရွာ ဒေသခံတယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်း ၂ ကြောင်းခွဲပြီး မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်က ကျေးရွာတွေကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေလို့ ဒေသခံပြည်သူ ၅၀၀၀ ထက်မနည်း ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး စားနပ်ရိက္ခာ ဆေးဝါး၊ အဝတ်အထည်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာတွေကိုလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုး‌ပြီး အိမ်တွေကို မီးရှို့နေတာကြောင့် ဒေသခံရွာသားတွေ စပါးမစိုက်နိုင်ဘဲ ထွက်ပြေးနေရတယ်လို့  ရွာသားတွေက ပြောပါတယ်။

၁၉ ရက်ကြာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ရေလယ်ကျွန်းဒေသက ရွာတွေကို မီးရှို့နေတာဖြစ်ပြီး ဩဂုတ် ၁၃ ရက်မှာတော့ လှေခုတ်ရွာကို မီးရှို့တာကြောင့် ဒီနေ့ထိ အဲဒီရွာနားက ဒေသခံတွေ ထွက်ပြေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

Yay Lal Kyun News မှ သတင်းပြန်ကြားရေးတာဝန်ခံက “လောလောဆယ်တော့ မီးရှို့တဲ့ ရွာတွေကို ဝင်မရသေးလို့ အသေးစိတ်မသိဘူး။ လှေခုတ်ရွာရော ပဲမှော်စင်ရောဆို အဆောက်အအုံ ၁၀၀ ကျော်လောက် လောင်သွားတယ်” လို့ ပြောပါတယ်။

ရေလယ်ကျွန်းဒေသမှာ စစ်ကောင်စီတပ်ဟာ ၁၉ ရက်လောက်ကြာ တပ်စွဲစစ်ကြောင်းထိုးပြီး ကျေးရွာတွေနဲ့ ပြည်သူပိုင်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတချို့ကို သတ်ဖြတ်တာ၊ အိမ်မွေးတိရစ္ဆာန်တွေကို ပစ်သတ်စားသောက်တာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီသတင်းဌာန ပြန်ကြားရေးတာဝန်ခံက “စစ်တပ်ထွက်သွားတော့ ကျန်နေတဲ့ အလောင်းတွေ တွေ့တယ် ကြားတယ်။ အသေးစိတ်စုံစမ်းဆဲပဲ” လို့ ဆိုပါတယ်။

မိုးစပါးစိုက်ချိန်ဖြစ်တဲ့ ဒီကာလမှာ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးနေတာကြောင့် တောင်သူ ထောင်ချီ စပါးမစိုက်နိုင်ဘဲ ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာ စစ်တပ် အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ မေ ၃၁ ရက်နေ့အထိ အိမ်ခြေ ၃၀၅၅ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၁၈၈၈၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ဇွန်လ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013