DVB Logo
Home
မြန်မာသတင်း
သဲကုန်း လ.၀.ကဝန်ထမ်းများ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေ
DVB
·
August 15, 2022
သဲကုန်း လ.၀.ကဝန်ထမ်းများ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေ
Donate to DVB

ပြည်ခရိုင်၊ သဲကုန်းမြို့နယ် လ.၀.က ရုံး၀န်ထမ်းတွေက မှတ်ပုံတင်ပြုလုပ်တဲ့သူတွေနဲ့ နိုင်ငံခြားထွက်ခွာမယ့်သူတွေကို ငွေကြေးတောင်းခံမှုတွေ ပြုလုပ်နေပြီး ပေးတဲ့ငွေနည်းရင်လည်း ကြန့်ကြာအောင် ပြုလုပ်ကြတယ်လို့ မှတ်ပုံတင်သွားလုပ်သူတယောက်က ပြောပါတယ်။

“ကျနော့်အမှုတွဲကို ရှာပေးဖို့ ၀န်ထမ်း ဖြိုးမောင်မောင်ရဲ့ စားပွဲကို သွားပြောတာ၊ သူက ပထမတော့ လှည့်ကြည့်ဖော်တောင် မရပါဘူး၊ အကြိမ်ကြိမ်ပြောတော့မှ အကို အဆင်ပြေသလောက် ပေးခဲ့ ဆိုပြီး ပေါ်တင်ပြောတာ။ ကျနော်က ၂၀၀၀ ထုတ်ပေးတော့၊ သူက ၂၀၀၀ နဲ့ ဘာလုပ်လို့ရမှာလဲ ဆိုပြီး ရစ်နေတာ။ အဲဒါနဲ့ ၅၀၀၀  ပေးလိုက်ရတယ်၊ အဲဒီ ၅၀၀၀ ပေးတာကိုလည်း ကျေနပ်ပုံမရဘူး၊ ဖိုင်အထပ်လိုက်ကို ကျနော့်ကိုပေးပြီး အဲဒီမှာ ကိုယ့်ဟာကို ရှာလိုက်၊ သူ မအားသေးဘူးတဲ့၊ အဲဒီလိုဖိုင်လေး ရှာပေးဖို့ကို ငွေအရင်မထုတ်ပေးတော့ ၁ နာရီကျော်လောက် စောင့်ခိုင်းထားတယ်။”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း စားဝတ်နေရေးအခက်အခဲကြောင့် လူငယ်တွေအများစု နိုင်ငံခြားထွက်ဖို့ ပတ်စ်ပို့လျှောက်တာနဲ့ မှတ်ပုံတင်လုပ်သူတွေ များလာတာလို့ သဲကုန်းမြို့နေသူတယောက်က ပြောပါတယ်။

“နိုင်ငံခြားကို ထွက်တာ အရမ်းခေတ်စားနေကြတာ။ ဒါပေမဲ့ တချို့တွေက အသက်ပြည့်ပြီး မှတ်ပုံတင် မရှိကြသေးဘူး။ အဲဒီအချိန်မှာ အရေးပေါ်လိုလာတာပေါ့။ အဲဒီတော့ မှတ်ပုံတင်အတွက် လ.၀.က ရုံးကို သွားရတော့တာပေါ့။ အဲဒီမှာ အမြန်လိုချင်တော့ အနည်းဆုံး ၁၀,၀၀၀ လောက်ပေးရတာ။ ကျနော်သိတဲ့ လူငယ်တယောက်ဆို သူက နားမလည်ဘူးလေ။ ပထမနေ့ သွားတော့ သူ့အမှုတွဲကိုင်တဲ့ ၀န်ထမ်းက အမှုတွဲတွေက တယောက်ကို ရှာခိုင်းရမှာ။ လက်ဖက်ရည်ဖိုးတော့ ပေးရမယ်ဆိုလို့ သူက ၁၀၀၀ ကျပ်ပေးလိုက်တယ်။ သူ့ကို အပြင်မှာ စောင့်ပါဆိုပြီး စောင့်လိုက်တာ၊ ညနေ ရုံးသာ ပြန်ဆင်းသွားကြတယ်။ အဲဒီ၀န်ထမ်းကို မတွေ့ရတော့ဘူး။ နောက်တနေ့ကျတော့ တနေကုန်လောက်စောင့်ပြီးမှ အမှုတွဲတော့ရပြီ၊ မြန်ချင်ရင် ပိုက်ဆံနည်းနည်းပေးရမယ်လို့ ထပ်ပြောလို့ ၁၀,၀၀၀ ကျပ် ထပ်ပေးခဲ့ရပြန်တယ်။ နောက်ရရင် အကြောင်းကြားမယ် ဖုန်းနံပါတ်ပေးခဲ့ဆိုလို့ ပေးခဲ့တာ။ ဖုန်းမဆက်လို့ ရုံးကို တခါပြန်သွားပြီးစောင့်မှ မှတ်ပုံတင်ရလာတယ်” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013