Home
ဆောင်းပါး
ဂေါက်ကွင်း‌ဗန်းပြပြီး လေယာဉ်ပြေးလမ်းဖောက်တဲ့ စစ်တပ်
DVB
·
December 22, 2023

မင်းအောင်လှိုင်က အာဏာမသိမ်းခင် နှစ်များတွေကတည်းက ပဲခူးတိုင်း အနောက်ခြမ်းထဲက ပြည်မြို့ကို မျက်စိကျနေပုံရတယ်။ ပြည်မြို့ထဲမှာ ဆန်စက်အကြီးကြီးတလုံး တည်တယ်။ ရွှေတောင်မြို့နယ်အဝင်မှာ လယ်ဧက ၇၀ လောက်ကို ပြောတဲ့ဈေးအတိုင်း ဝယ်တယ်။ မြို့လယ်ကောင်က မြေကွက်တခုကို ပြောတဲ့ဈေးအတိုင်း သိန်းသောင်းချီပြီး ဝယ်တာတွေကို ခပ်စိပ်စိပ် လုပ်လာသလို ပြည်မြို့ကိုလည်း မကြာခဏ လာလေ့ရှိပါတယ်။

အဲဒီအချိန်တွေမှာပဲ ပြည်မြို့နယ် အနီးပတ်ဝန်းကျင်မှာ လေယာဉ်ကွင်းတခု တည်ဆောက်နေတယ်ဆိုပြီး သတင်းတခု ထွက်လာတော့ပါတယ်။ အဲဒီတော့ ပြည်မြို့က လွှတ်တော်ကိုယ်စားလှယ်တွေက စုံစမ်းတော့တာပေါ့။ ပြည်မြို့နယ်ထဲမှာတော့ နေရာအနှံ့မှာ လေယာဉ်ကွင်းအရိပ်အယောင် မတွေ့ခဲ့ရဘူး။

နောက်တော့ အဲဒီကိစ္စက မေ့သွားကြတာပေါ့။ တကယ်က အဲဒီကတည်းက သူတို့ ကျိတ်ပြီး လုပ်နေပြီ။ ပြည်မြို့နယ်မဟုတ်ဘဲ ပြည်မြို့နယ်နဲ့ ကပ်လျက် သဲကုန်းမြို့နယ်ထဲမှာ လုပ်နေတာ။

ချော်လဲရောထိုင်

တကယ်က လူမိသွားလို့ ချော်လဲရောထိုင်လိုက်ရတဲ့ အဖြစ်ပါ။ စစ်တပ်က ၂၀၁၅ ခုနှစ် အလွန်ကာလတွေမှာ ရွှေတောင်မြို့အထွက် ဘို့လည်ကုန်း အမှတ် ၅၀၉ အမြောက်တပ် နောက်ကျောဘက် သဲကုန်းမြို့နယ်အပိုင်ထဲမှာ လေယာဉ်ကွင်းတခု ပြုလုပ်ဖို့အတွက် မြေနေရာတွေ အဓမ္မသိမ်းယူပြီး တိတ်တိတ်လေး လုပ်နေခဲ့တာ။ ပတ်ဝန်းကျင် ဒေသခံတွေက အဲ့ဒီနေရာတွေမှာ ဓားမဦးချအနေနဲ့ တောအလုပ် လုပ်ပြီး နေတဲ့သူတွေကို ဖြတ်သန်းမသွားရ အမိန့်တွေထုတ်ပြီး ထင်းခုတ်တဲ့သူ၊ ပြားဖွပ်တဲ့သူ၊ မှိုချိုး၊ မျှစ်ချိုးတဲ့သူတွေကို ဖမ်းဆီးရိုက်နှက်၊ တပ်ထဲခေါ်ပြီး အပြစ်ပေးတဲ့အနေနဲ့ ဖက်ထိပ်လုပ်ခိုင်းတာ၊ တောရှင်းခိုင်းတာ၊ ဒဏ်ငွေရိုက်တာတွေကို ဥပဒေမဲ့ လုပ်ခိုင်းပြီး သူတို့ လုပ်ကိုင်နေတဲ့ နေရာတွေအနီးကို မလာအောင် ခြိမ်းခြောက်ထားပါတယ်။

အဲ့လိုမျိုး မြေနေရာတွေကို ပတ်သိမ်းရင်းနဲ့ မြေဧကတွေများလာတော့ ပတ်ဝန်းကျင်က အစိုးရကို အခွန်ဆောင်ပြီး မြေနီထုတ်ယူနေသူတွေရဲ့ မြေတွေကိုပါ ထိလာတော့မှ တိုင်ကြားတာတွေဖြစ်ပြီး လူသိရှင်ကြား ဖြစ်လာခဲ့တာ။ အဲ့ဒီတော့မှ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်က ကွင်းဆင်းစစ်ဆေးကြည့်ဖို့ စစ်တပ်အကြီးအကဲကို ခွင့်တောင်းတော့မှ အချိန်ဆွဲထားရင်းနဲ့ မြေလွတ်မြေလပ် လျှောက်ထားတဲ့ လျှောက်လွှာတခုကို နယ်လုံဝန်ကြီးဝိတ်နဲ့ Back Date နဲ့ အမြန်တင်လိုက်တော့တာပေါ့။

အဲ့ဒီလို လျှောက်က်ထားရာမှာလည်း ဒေသခံပြည်သူ‌တွေ တင်‌မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ကျော်လွန်ပြီး အထက်ကို တန်းတင်လိုက်တာ။

ဂေါက်ကွင်းဖောက်ဖို့ မြေဧက ၅၀၀ လျှောက်

အဲ့ဒီကိစ္စအတွက် ‌လွှတ်တော်အစိုးရက ဆုံးဖြတ်ပေးရမှာဖြစ်ပြီး မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့၊ ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ အဆင့်ဆင့်က မှတ်ချက်ပေးတာ၊ ထောက်ခံတာ၊ ကန့်ကွက်တာတွေ အစီအစဉ်အတိုင်း သွားပြီးမှ ပဲခူးတိုင်းအစိုးရ လယ်ဆည်ဝန်ကြီးက ခွင့်ပြုပေးရတာပါ။

အဲ့ဒီအတွက်ကို တပ်မ ၆၆ တပ်မမှူးက‌ မြေဧက ၅၀၀ ရဖို့ကို တာဝန်ခံပြီး လျှောက်ထားခဲ့တာပါ။ ဒါပေမဲ့ သူလျှောက်ထားတုန်းက ဂေါက်ကွင်းဖောက်ဖို့အတွက်ဆိုပြီး လျှောက်ထားခဲ့တာပါ။ သူတို့လျှောက်ထားတဲ့‌ မြေနေရာထဲမှာ ဒေသခံတွေရဲ့ ဓားမဦးချ မြေနေရာတွေ၊ ပုံစံ ၇ ထွက်ပြီးသား မြေနေရာတွေ များစွာပါတာကြောင့် သူတို့မြေတွေကို တပ်မ ၆၆ စစ်တပ်က အတင်းသိမ်းယူပြီး လူတွေကို နှင်ထုတ်နေကြောင်း၊ ဖြတ်သန်းသွားလာ မိတဲ့သူတွေကို ဖမ်းဆီးရိုက်နှက် အပြစ်ပေးတာတွေ လုပ်နေကြောင်း သတင်းထောက်တွေကို သတင်းထုတ်ပြန်ပေးဖို့နဲ့ အကူအညီတောင်းလာတာကြောင့် သတင်းဌာနတွေက ဝိုင်းဝန်းရေးသားခြင်းအားဖြင့် စစ်တပ်က ဂေါက်ကွင်းတခုပြုလုပ်ဖို့ တောင်သူတွေရဲ့မြေကို သိမ်းဆည်းခြင်းဆိုတဲ့ကိစ္စက ကြီးမားကျယ်ပြန့်လာခဲ့တော့တာပေါ့။

အဲ့ဒီကနေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကပါ သတင်းရသွားပြီး အဲ့ဒီကိစ္စအတွက် ပဲခူးတိုင်းလွှတ်တော်၊ ဝန်ကြီးချုပ်၊ နိုင်ငံတော်သမ္မတတွေအထိ အကြိမ်ကြိမ် တိုင်ကြားမှုတွေ ဖြစ်လာတော့မှ ပဲခူးတိုင်းလွှတ်တော်မှာ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်က ကြယ်ပွင့်ပြမေးခွန်း မေးရတဲ့အထိ ဖြစ်လာခဲ့ရတော့တာပေါ့။

အဲ့လို ကြယ်ပွင့်ပြမေးခွန်းကို သဲကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တယောက်က ပဲခူးတိုင်းလွှတ်တော်၊ ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့ပါတယ်။

သူရဲ့တင်သွင်းမှုက “တပ်မ ၆၆ က ၂၀၁၇ ခုနှစ်လောက်ကတည်းက ဧက ၅၀၀ မှာ ဂေါက်ကွင်းဆောက်ဖို့ဆိုပြီး ကြိုးစားလာခဲ့တာ။ ၂၀၂၀ နှစ်ကုန်ခါနီးမှာတော့ ပဲခူးတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးကိုယ်တိုင် ကြိုးစားလာတာကို တွေ့ရပါတယ်။ တကယ်က ဧက ၅၀၀ ဆိုတာက အရမ်းများလွန်းပါတယ်။ အဲ့ဒီအချိန် မတိုင်ခင်တုန်းက ဒေသခံတွေလည်း အခုလို မြေလွတ်လျှောက်ထားတာတွေ ရှိခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ မြေလွတ်မြေလပ် မရှိဘူးဆိုပြီး သက်ဆိုင်ရာဌာနတွေက ငြင်းဆိုခဲ့ပြီး အခု စစ်တပ်ကလျှောက်တာကျတော့ အဲဒီ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ ဌာနတွေက ဝိုင်းဝန်းစီစဥ် လုပ်ပေးနေတာတွေကို တွေ့ရပါတယ်။ ဒါကတော့ ကျနော်တို့ဒေသတွေအတွက် အရမ်းကို နစ်နာမှု ဖြစ်နိုင်တယ်လို့ ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ကြယ်ပွင့်ပြမေးခွန်းအနေနဲ့ မေးမြန်းခဲ့ပါတယ်။ ကျနော် စတင်တုန်းက အဲ့ဒီ‌ေလျှာက်ထားတဲ့ ဧက ၅၀၀ ကို လုံးဝပယ်ဖျက်ပေးဖို့အထိ ခပ်မြင့်မြင့် မေးထားပါတယ်။ ဒါပေမဲ့ ကျနော်လည်း သိပါတယ်။ မြေလွတ်လျှောက်ထားခွင့် ရှိပါတယ်။ နိုင်ငံသားတိုင်း၊ နိုင်ငံ‌တော်က အဖွဲ့အစည်းတိုင်း လျှောက်ထားခွင့်ရှိပါတယ်။ ဒါပေမဲ့ လိုအပ်သည့်ပမာဏကိုပဲ လျှောက်ထားရမယ်၊ လိုအပ်သည့်ပမာဏကိုပဲ ချထားရမယ် ဆိုတာလည်း ပါပါတယ်။ အဲ့ဒီအချက်ကို ကိုင်ပြီးတော့ ဒုတိယအနေနဲ့ ထပ်ဆင့်မေးခွန်း မေးမြန်းခဲ့ပါတယ်။”

“အဲဒါက တိုင်းဒေသကြီးအစိုးရအနေနဲ့ အတတ်နိုင်ဆုံး စိစစ်ပြီးတော့ လိုအပ်တဲ့ပမာဏကိုပဲ ချထားပေးပါလို့ ထပ်ဆင့်မေးခွန်း မေးမြန်းခဲ့ပါတယ်။ ဒါ့အပြင် လိုအပ်ပါကလည်း ဒေသခံတွေပါ အသုံးချနိုင်အောင် ဒေသခံတွေကပါ အဲဒီကွင်းတွေကို ပါဝင်‌လျှောက်ထားနိုင်ဖို့အတွက်ပါ ခွင့်ပြုပေးဖို့ မေးမြန်းခဲ့ပါတယ်။” လို့ အဲ့ဒီကိုယ်စားလှယ်က ၂၀၂၀ မတ်လ ၃၀ ရက်နေ့က သတင်းထောက်တယောက်ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

နိုင်ငံတကာစံနှုန်းတွေအရ ဂေါက်ကွင်းတခုရဲ့ အကျယ်အဝန်းက ဧက ၁၄၀ ကနေ ဧက ၁၅၀ အတွင်းပဲရှိပြီး စစ်တပ်ကတောင်းတဲ့ ဧက ၅၀၀ ဆိုတာက ဘယ်လိုမှ ဂေါက်ကွင်းတခု မဖြစ်နိုင်ပါဘူး။ အဲဒီအချိန်တုန်းက ခွင့်မပြုဖို့ကို လွှတ်တော်ကိုယ်စားလှယ်က အမျိုးမျိုး ကြိုးစားခဲ့ပေမဲ့ မြို့နယ်စာရင်းအင်းဦးစီးဌာန ကွင်းဆင်းပြီး ငြိစွန်းမှုမရှိဘူးဆိုပြီး ခရိုင်၊ တိုင်း၊ ဗဟိုတွေ အားလုံးကလည်း အားလုံးအဆင်ပြေကြောင်း မှတ်ချက်တွေပေးခဲ့ပြီး ပဲခူးတိုင်းအစိုးရထံကို ပေးပို့ခဲ့ပြီး အဲဒီမှတ်ချက်တွေအရ ပဲခူးတိုင်း၊ လယ်ဆည်ဝန်ကြီးက ခွင့်ပြုပေးလိုက်တာကြောင့် ဒီဂေါက်ကွင်းက ပြုလုပ်ခွင့်ရသွားခဲ့တာပါ။

အဲ့ဒီအချိန်တုန်းက အဲ့ဒီသတင်းကိုလိုက်ခဲ့တဲ့ သတင်းထောက်တယောက်က ပြောပါတယ်။

အဲ့ဒီနေရာက သဲကုန်းမြို့နယ်နဲ့ ရွှေတောင်မြို့နယ် နယ်စပ်ဘက်၊ သဲကုန်းမြို့အပိုင် တံခွန်တိုင်အုပ်စုနဲ့ ကြေးသားအုပ်စုထဲမှာ ပြုလုပ်ထားတာပါ။

ရွှေတောင်မြို့နေသူတဦးက“အဲ့ဒီလေယာဥ်ကွင်းက အင်းမမြို့နဲ့ ပိုနီးတယ်။ အင်းမရဲစခန်းဘေးကနေ ဆင်မြီးဆွဲဘက်ကို ဝင်တဲ့ လမ်းလေးကနေ ဝင်ရင် ပထမဆုံးတွေ့တဲ့ရွာကနေ တပင်ပေါ် ဘုန်းကြီးကျောင်းဝင်းထဲကို ဖြတ်ပြီး ဝင်လို့လည်း ရတယ်။ အဲဒီဝင်းနဲ့ကပ်နေတာ။ ရွှေတောင်ဘက်ကဆိုရင်တော့ ဘို့လည်ကုန်းစစ်တပ်ထဲကနေ ဆိုရင်တော့ တိုက်ရိုက်ဝင်လို့ ရတယ်။ တပ်မ ၆၆ နောက်ကျောကနေလည်း ဝင်လို့ရတယ်။ ကားနဲ့ဝင်ဖို့ လုပ်ထားတယ်။ အဲ့ဒီနေရာက အရင်က မြေနီတောင်တွေ၊ အဲ့ဒါတွေကို စစ်တပ်က မြေနီလုပ်ခွင့်ပါမစ်ရထားတဲ့ ဒေသခံ လုပ်ငန်းရှင်တွေထံကနေ အနိုင်ကျင့်ပြီး သိမ်းထားတာ။ တပ်ပိုင်မြေ အရင်လုပ်လိုက်တယ်။ နောက်တော့ အဲ့ဒီတောင်တွေကို စက်တွေနဲ့ထိုးချပြီး မြေပြန့်လုပ်လိုက်တယ်။ ပြီးမှ လေယာဥ်ပြေးလမ်းဆောက်တာ။ အဲ့ဒီအချိန်တုန်းက NLD က အမတ်တွေတောင် မသိကြဘူး။ စစ်တပ်က အသိလည်းမပေးဘူး။ သူတို့ဟာသူတို့ အကြံနဲ့လုပ်နေတာ။ အရင်က ထင်းခုတ်၊ မှိုချိုး၊ မျှစ်ချိုး လုပ်တဲ့သူတွေကို အဲ့ဒီဘက်ကို ဝင်လို့ဆိုပြီး ဖမ်းပြီးရိုက်တာ၊ ထောင်ချတာတွေလုပ်တယ်။ ဘယ်သူမှ ဝင်ခွင့်မပေးဘူး။ အခု အဲ့ဒီလေယာဥ်ကွင်းက ပြီးသွားပြီ။ အသုံးပြုလို့ရနေပြီ။ ဒါပေမဲ့ အနားကိုတော့ ဘယ်သူမှ ကပ်လို့မရဘူး” လို့ ပြောပါတယ်။

စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ အငြိမ်းစား အရာခံဗိုလ် တယောက်က “လေယာဉ်ပြေးလမ်းက တည်ဆောက်စဥ်တုန်းကတော့ အလျား ပေ ၈,၀၀၀ ကျော် ရှိတယ်။ အနံကိုတော့ မမှတ်မိဘူး။ ကွင်းတခုလုံးက ကွန်ကရစ်တွေခင်းထားတယ်။ ပြေးလမ်းက ပြည်-ရန်ကုန်လမ်းနဲ့အပြိုင် ပုံစံမျိုး၊ တိုက်လေယာဉ်တွေထိ ဆင်းသက်နိုင်တယ်လို့ ပြောတယ်။ အနည်းဆုံး တိုက်လေယာဉ် နှစ်စင်းနဲ့ သုံးစင်း ဆင်းနိုင်တယ်ပြောတယ်” လို့ ဆိုပါတယ်။

အဆိုပါ လေယာဉ်ကွင်းနဲ့ ပတ်သက်လို့ “ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) သဲကုန်းမြို့နယ်၊ အင်းမတိုက်နယ်အတွင်းရှိ တမခ-၆၆ ၏ ဆက်စပ်နယ်မြေဧရိယာတွင် လေယာဥ်ပြေးလမ်းတခု တည်ဆောက်နေကြောင်း ဂြိုဟ်တုဓာတ်ပုံများမှတဆင့် တွေ့ရှိခဲ့ရသလို ထိုလေယာဥ်ပြေးလမ်းနှင့် ပူးတွဲအဆောက်အအုံများကို ၂၀၁၉ ခုနှစ် မတ်လတွင် စတင် ဆောက်လုပ်ခဲ့ကြောင်း ဂြိုဟ်တုဓာတ်ပုံများအရ သိရပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ မြင်ကွင်းအရ အများစု ပြီးစီးနေပြီဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ထိုလေယာဉ်ပြေးလမ်းအား ကိုသြဒိနိတ်အမှတ် 18.617438, 95.306366 တွင် တွေ့ရှိရသည်။” ဆိုပြီး  Myanmar Witness က ထုတ်ဖော်ပြသထားပါတယ်။

ဒီလေယာဉ်ပြေးလမ်းဟာ ပဲခူးတိုင်းဒေသကြီးအတွင်း စစ်တပ်နယ်မြေမှာ တွေ့ရတဲ့ ဒုတိယမြောက် လေယာဉ်ပြေးလမ်းလည်း ဖြစ်သလို ပဲခူးတိုင်းဒေသကြီးဟာ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မကွေးတိုင်းဒေသကြီး စသဖြင့် စစ်ကောင်စီနဲ့ ပဋိပက္ခတွေဖြစ်ပွားရာ အဓိကနေရာတွေနဲ့ နီးကပ်ကာ အချက်အချာကျတဲ့ နေရာတခုဖြစ်တယ်လို့လည်း  Myanmar Witness က ဖော်ပြထားပါတယ်။

ဘညို

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024