DVB Logo
Home
မြန်မာသတင်း
အဓမ္မစုဆောင်းထားသည့် တပ်သားသစ်များကို စစ်ကောင်စီက လစာအပြည့်မပေး  
DVB
·
December 16, 2024
အဓမ္မစုဆောင်းထားသည့် တပ်သားသစ်များကို စစ်ကောင်စီက လစာအပြည့်မပေး  
Donate to DVB

ဧရာဝတီတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ အဓမ္မစစ်သားစုဆောင်းခံရတဲ့ စစ်မှုထမ်း တပ်သားသစ်တွေဟာ လစာအပြည့်အဝ မရတဲ့အပြင် အစားအသောက်တွေကို ဖြစ်သလိုသာ ကျွေးနေလို့ အခက်အခဲ ဖြစ်နေတယ်လို့ စစ်မှုထမ်းမိသားစုတွေဆီက သိရပါတယ်။

စစ်ကောင်စီက ဧရာဝတီတိုင်း အပါအဝင် စစ်မှုထမ်းဆောင်မယ့် တပ်သားသစ်တယောက်ကို အနည်းဆုံး လစာ တလကို ကျပ် ၅ သိန်းပေးမယ်လို့ ပြောဆိုစည်းရုံးခဲ့တာဖြစ်ပြီး စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၆ အထိ လစာထုတ်ခဲ့ရတဲ့ စစ်မှုထမ်းတပ်သားတယောက်ကို စစ်ကောင်စီက လစာ ၁၄၀,၀၀၀ အထိသာ ထုတ်ပေးပြီး ထမင်းကျွေးရာမှာလည်း ဖြစ်သလိုသာ ကျွေးနေတာလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းက စစ်မှုထမ်းမိသားစုဝင်တယောက်က “အစားအသောက် ဖြစ်သလိုကျွေးတယ် ဆိုတာက ထမင်းပေါ့နော်၊ ငါးပြုတ်နဲ့ ငံပြာရည်နဲ့ ကျွေးတာ။ စားလို့ အဆင်မပြေတဲ့လူငယ်တွေက မိဘတွေဆီ ပိုက်ဆံလှမ်းတောင်း စားနေရတာ။ လစာကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလအထိ ၅ သိန်းမပြောနဲ့ ၂ သိန်းတောင် မပြည့်ဘူး။ ၁၄၀,၀၀၀ ပဲပေးတာ။ သင်တန်းမှာတည်းက ဖြစ်သလိုကျွေးတာ၊ သင်တန်းဆင်းပြီးလို့ တပ်သားဖြစ်နေတဲ့အထိပဲ။ ဘယ်ကိစ္စမဆို တင်ပြခွင့် မေးခွင့် ပြောခွင့် ဘာမှကိုမရဘူး။ ကြိုက်ရင် စား၊ မကြိုက်ရင် မစားနဲ့လို့ ပြောတာ။ စစ်သင်တန်းကျတော့ ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးတာ။ အစားကောင်းမစားရ၊ အနေကောင်း မနေရဘဲ ဘယ်စစ်သားက စစ်တိုက်ပေးချင်မှာလဲ။ လုပ်လိုက်မှဖြင့် (--) တလွဲတွေချည်းပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့နီးစပ်တဲ့ ဝန်ထမ်းတယောက်က “ဒီလို ဖြစ်ပျက်နေတာတွေက အမှန်တွေချည်းပါပဲ။ တိုင်းမှူးတို့ ကျောင်းအုပ်ကြီးတို့ လာတဲ့နေ့လောက်ပဲ ကောင်းကောင်း ချက်ပြုတ်ကျွေးတာ တွေ့ရပါတယ်။ တချို့သင်တန်းကျောင်းတွေ၊ တပ်ရင်းတွေဆို သင်တန်းကျောင်း ကျောင်းအုပ်ကြီးတွေ၊ ဗိုလ်ကြီးတွေကိုယ်တိုင်ကိုက အကျင့်ပျက် ဖြတ်စားနေတာ။ စစ်ကောင်စီတပ်သားတွေ စစ်မှုမထမ်းဆောင်၊ တာဝန်မထမ်းဆောင်ချင်တာလည်း မပြောနဲ့၊ အကျိုးခံစားခွင့်မရှိဘဲ အသက်လုနေရတာကို” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေအားလုံးရဲ့ လစာကိစ္စတွေကို ကာကွယ်ရေးဦးစီးချုပ်ရုံးက အဓိကကိုင်တွယ်တာ ဖြစ်ပြီး အောက်ခြေမှာတော့ ဗိုလ်မှူးတွေ၊ တပ်ရင်းမှူးတွေ၊ ဗိုလ်ကြီးတွေကတဆင့် ထုတ်ပေးရတာဖြစ်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။

ဧရာဝတီတိုင်းက စစ်မှုထမ်းတပ်သားအများစုကို ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ထွေအုပ်ရုံးနဲ့ လဝကရုံးက ပူးပေါင်းပြီး အတင်းဖိအားပေး စစ်သား စုဆောင်းခံရတာဖြစ်ပြီး လက်ရှိ စစ်ကောင်စီ ပေးတဲ့ စစ်မှုထမ်းလစာကို မိသားစုတွေအနေနဲ့ မလိုအပ်ပေမဲ့ ရသင့်ရထိုက်တဲ့ ကိုယ့်အခွင့်အရေး အဆုံးအရှုံးမခံနိုင်တာနဲ့ စစ်ကောင်စီရဲ့ အပြောတမျိုး အလုပ်တမျိုး လုပ်ရပ်ကို အများသူငါ သိစေချင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ဧရာဝတီတိုင်းထဲမှာ စစ်မှုထမ်းလစာ ထုတ်ယူသူ မိသားစုတွေအနေနဲ့ လစာထုတ်ယူတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပြင်ပမှာ ထုတ်ပြောဆိုတာတွေ မလုပ်ဖို့ ငွေထုတ်ပေးတဲ့ တပ်အရာရှိတွေက မှာထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013