DVB Logo
Home
Lead Story
စစ်ဗိုလ်လူမိုက် ဒုစရိုက်ကောင် မင်းအောင်လှိုင်ရဲ့ ပြန်လမ်းမဲ့ အနက်ဆုံးမိုက်တွင်း
DVB
·
August 15, 2022
စစ်ဗိုလ်လူမိုက် ဒုစရိုက်ကောင် မင်းအောင်လှိုင်ရဲ့ ပြန်လမ်းမဲ့ အနက်ဆုံးမိုက်တွင်း
Donate to DVB

မြန်မာစကားမှာ မိုက်တွင်းနက်တယ်ဆိုတဲ့ အသုံးအနှုန်း ရှိပါတယ်။ လူမိုက် လူ့ဗာလတွေ သီလမဲ့ အသိဉာဏ်မဲ့ မိုက်မဲစွာ မကောင်းမှုတွေ ကျူးလွန်ကြတဲ့အခါ လူ့ပတ်ဝန်းကျင်က မိုက်တွင်းမတူးနဲ့လို့ ပြောဆိုဆုံးမကြပါတယ်။ မိုက်တွင်းတူးတာ မနက်သေးခင် အချိန်မီ နောင်တရ အသိလည်လာလို့ ဆက်မမိုက်ဘဲ ပြုပြင်လာရင်တော့ လူ့အသိုင်းအဝိုင်းက ပြန်ကြိုဆိုလက်ခံကြပါတယ်။

ပြောမရ တားမရတဲ့ လူမိုက် လူ့အန္ဓတွေ သူတို့တူးတဲ့ မိုက်တွင်းဟာ နက်သထက်နက်လာပြီး ပြန်လမ်းမရှိတဲ့ အခြေအနေကို ရောက်လာရင်တော့ မိုက်တွင်းနက်လွန်းတယ်လို့ သုံးနှုန်းပြီး လူ့ပတ်ဝန်းကျင်က ဆိုဆုံးမမှုကို ရပ်လိုက်ကြပြီး ဝိုင်းဝန်းအပြစ်ပေးကြပါတယ်။ လူ့အသိုင်းအဝိုင်းကပေးတဲ့ အပြစ်ဒဏ်အပြင် သံသရာခရီးမှာ အဝီစိငရဲ အပါအဝင် ဘဝများစွာ မိမိပြုတဲ့ အကုသိုလ်ဒဏ်ကို ပြန်ပေးဆပ်ကြရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ စစ်ဗိုလ်လူမိုက် ဒုစရိုက်ကောင်တွေဟာလည်း ခေတ်အဆက်ဆက်မှာ ပြန်လမ်းမရှိအောင်ကို မိုက်တွင်းတူးခဲ့ကြပါတယ်။ မူလပထမ စစ်အာဏာရှင် နေဝင်းတုန်းကလည်း မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်အတုကို ဖြတ်ညှပ်ကပ်မျက်နှာဖုံးစွပ် လိမ်ညာခဲ့သလို ဓားကို ဓားချင်း၊ လှံကို လှံချင်း ရင်ဆိုင်ရန်သာရှိတော့ကြောင်း ဆိုပြီး လက်နက်မရှိတဲ့ ကျောင်းသားတွေကို စိန်ခေါ်ခဲ့သလို ၁၉၈၇ ငွေစက္ကူအရေးအခင်းမှာ စစ်တပ်ဟာ မိုးပေါ်ထောင်မဖောက်ဘူးဆိုတဲ့ လူမိုက်စကားပြောပြီး လက်နက်အားကိုးနဲ့ မိုက်တွင်းနက်နက်တူးခဲ့တာ ဖြစ်တယ်။

လက်ဦးဓားပြဗိုလ် စစ်အာဏာရှင်‌နေဝင်းဟာ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်ဝင်းထဲအထိ သူ့နောက်လိုက် လက်ပါးစေ စစ်ခွေးတွေကို စစ်မြေပြင်မှာ ရန်သူကို ချေမှုန်းသလိုမျိုး ဂျီသရီး ချေမှုန်းရေးရိုင်ဖယ်တွေနဲ့ မန္တလေးဆောင်၊ ရာမညဆောင်ဝင်းထဲသာမက အဓိပတိလမ်းမတလျှောက်ရှိ ကျောင်းသားထုကို အတွဲလိုက် မရပ်မနား ပစ်ခတ်သတ်ဖြတ်ပြီး မိုက်တွင်းတူးခဲ့ပါတယ်။

ဒုတိယစစ်အာဏာရှင်မျိုးဆက် စောမောင်၊ သန်းရွှေတို့တုန်းကလည်း ၈၈၈၈ လူထုအရေး‌တော်ပုံကြီးကို သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ရာမှာ ရန်ကုန်မြို့တော်ခန်းမရှေ့မှာတင် ပြည်သူထောင်ပေါင်းများစွာသတ်ပြီး မိုက်တွင်းတူးခဲ့ကြတာပဲ မဟုတ်လား။ ပြီးတော့ ပါတီစုံပေးမယ် လိမ်ညာပြော၊ ရွေးကောက်ပွဲပြီးရင် ဘားတိုက်ပြန်မယ် ပြောဆိုလိမ်ညာလို့ မိုက်တွင်းဆက်တူးရင်း ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးမှာ ဘုန်းကြီးကျောင်းတွေကို ရန်သူ့စခန်း ဝင်စီးသလို ကြမ်းကြုတ်ရက်စက်စွာ သံဃာတော်တွေကို သတ်ဖြတ် မိုက်တွင်းတူးခဲ့ကြတယ်။

အခုမျက်‌မှောက်ခတ် မြန်မာနိုင်ငံအတွက်‌ နောက်ဆုံးဖြစ်လာမဲ့ စစ်အာဏာရှင်မျိုးဆက် စစ်ဗိုလ်လူမိုက် ဒုစရိုက်ကောင် မင်းအောင်လှိုင်ကတော့ ကျနော်မလုပ်ရဲတာ ဘာမှမရှိဘူးလို့ လူမိုက်စကားဆိုရင်း ပြည်သူလူထုကို ဦးခေါင်းတည့်တည့်ချိန်ပစ်ပြီး နောက်ပြန်ဆုတ်ဖို့လမ်း မရှိ‌တော့တဲ့ မိုက်တွင်းကို အနက်ဆုံးတူးနေတာ အားလုံးသိနေကြပါပြီ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး စစ်ဗိုလ်လူမိုက် ဒုစရိုက်ကောင် သာဝ တူးခဲ့တဲ့ မိုက်တွင်းဟာ ၁ နှစ်ခွဲကာလ ကြာမြင့်ပြီးချိန်မှာတော့ အဝီစိငရဲအထိ‌ ရောက်မယ့် မိုက်တွင်းဟာ ပြန်တက်ဖို့လမ်း ဘယ်လိုမှမဖြစ်နိုင်အောင် နက်သထက်နက်လာပြီး သူ့ရှေ့ ဒုစရိုက် စစ်ရာဇဝတ်ကောင် နေဝင်းနဲ့ သန်းရွှေတို့ကို ကျော်လွန်သွားခဲ့ပါပြီ။

ဆရာထက် တပည့်က လက်ဇောင်းထက် ဆိုသလို လူမိုက်ဒုစရိုက်ကောင် မင်းအောင်လှိုင် တူးတဲ့ မိုက်တွင်းဟာ ကျယ်လည်းကျယ်၊ နက်လည်းနက်တာမို့ သူနဲ့ သူ့အသိုင်းအဝိုင်းတင်သာမက စစ်အခွင့်ထူးခံ မိစ္ဆာတသိုက်လုံးအပြင် မျိုးညစ်၊ ဘာသာညစ် လူမိုက် သင်္ကန်းခြုံမိုက်တွေအတွက်ပါ နောက်ပြန်မလှည့်နိုင်အောင် ဆိုးဝါးနက်ရှိုင်း မည်းမှောင်လှပါတယ်။

သူတပါးတိုင်းပြည်ကို ကျူးကျော်သိမ်းပိုက်ကြတဲ့ ကိုလိုနီနယ်ချဲ့ ဗြိတိသျှ၊ ဖက်ဆစ်ဂျပန် စတဲ့ လူမျိုးခြား တိုင်းတပါးသားတွေ‌တောင် မကျူးလွန်တဲ့ စစ်ရာဇဝတ်မှု‌တွေဖြစ်တဲ့ ကိုယ့်လူမျိုးအချင်းချင်းကို မနက် အိမ်လာဖမ်းပြီး ညနေ အလောင်းလာယူခိုင်းတာ၊ ပါးစပ်ထဲ အက်ဆစ်လောင်း သတ်တာ၊ ပြည်သူတွေရဲ့ ဦးခေါင်းကို ချိန်ပစ်သတ်တာ၊ အသက်သေဆုံးတဲ့အထိ ရိုက်သတ်တာ၊ မပြေးနိုင်တဲ့ သက်ကြီးရွယ်အို အမျိုးသမီးနဲ့ ကလေးသူငယ်ပါမချန် အရှင်လတ်လတ် မီးနဲ့ရှို့သတ်တာ၊ အမျိုးသမီးတွေကို မုဒိမ်းကျင့်သတ်တာ၊ အရပ်သားအိမ်တွေကို လက်နက်ကြီးနဲ့ပစ်တာ၊ လေယာဉ်ပျံနဲ့ ဗုံးကြဲတာ၊ ရွာလုံးကျွတ် မီးရှို့တာ၊ စားနပ်ရိက္ခာတွေ ဖျက်ဆီးတာ၊ သောက်သုံးရေတွင်းကို အဆိပ်ခပ်တာ စတဲ့ ခွင့်မလွှတ်ထိုက်တဲ့ မိုက်တွင်းကြီးကို ရမ်းကားယုတ်ညံ့စွာ တူးပြီးရင်း ဆက်တူးနေကြတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့လည်း ကမ္ဘာ့ကုလသမဂ္ဂက‌နေ မြန်မာနိုင်ငံအတွက် ဖွဲ့စည်းပေးထားတဲ့ လွတ်လပ်သော စုံစမ်းရေးလုပ်ငန်းစဉ်အဖွဲ့ (Independent Investigative Mechanism for Myanmar - IIMM) ရဲ့ အကြီးအကဲ နီကိုလပ်စ်ကွန်ဂျီယန် တင်သွင်းထားတဲ့ အစီရင်ခံစာထဲမှာ စစ်အကြမ်းဖက်ကောင်စီ ဓားပြတပ်ရဲ့ မြန်မာနိုင်ငံအတွင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ၊ အမျိုးသမီး‌တွေနဲ့ ကလေးသူငယ်တွေအပေါ် ကျူးလွန်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှု‌တွေ အတွက် ငြင်းလို့မရအောင် သက်သေအထောက်အထားပေါင်း “သုံးသန်း” ခန့် ရရှိထားပြီး ဖြစ်တယ်လို့ ပါရှိပါတယ်။ စာရွက်စာတမ်း အထောက်အထားတွေ၊ ဗွီဒီယိုအထောက်အထားတွေ အင်တာဗျူး မှတ်တမ်း‌တွေ၊ ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို စုဆောင်းနိုင်ခဲ့တာမို့ အဆုံးမှာ တရားဥပဒေအရ မဖြစ်မနေ အရေးယူနိုင်တော့မှာ ဖြစ်တယ်၊ စစ်ရာဇဝတ်ကောင်တို့အဖို့ တရားဥပဒေရဲ့ အဆုံးအမကို မလွဲမသွေ ခံကြရမယ်လို့ IIMM ရဲ့ အကြီးအကဲက အသိပေး ထုတ်ပြန်ခဲ့ပါတယ်။

ဒီဆောင်းပါးကို နိဂုံးသတ်ရရင် စစ်ဗိုလ်လူမိုက် ဒုစရိုက်ကောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ မကောင်းဆိုးဝါး စစ်ရာဇဝတ်ကောင်တွေ၊ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လက်ပါးစေလူယုတ်၊ ဘုန်းကြီးယုတ်တွေ တူးနေတဲ့ မိုက်တွင်းဟာ မြန်မာ့သမိုင်းမှာသာမက ကမ္ဘာ့သမိုင်းမှာပါ နာမည်ဆိုးနဲ့ ကမ္ပည်းထိုးရလောက်အောင် နက်ရှိုင်းယုတ်ညံ့လှတဲ့အပြင် ပြန်လမ်းမရှိဘဲ ရုပ်ဆိုး အကျည်းတန်စွာ ဇာတ်သိမ်းရမှာ ဖြစ်ပါတယ်။

မိဘပြည်သူအပေါ် အစော်ကားဆုံးနဲ့ နိုင်ငံကို အဆိုးဝါးဆုံး ဖျက်ဆီး‌နေတဲ့ စစ်ပြိတ္တာ မင်းအောင်လှိုင်တို့ ဘီလူးသဘက်တသိုက်ဟာ သူတို့အာဏာတည်ဖို့ ရမ်းကားရက်စက်ပြရင် ပြည်သူလူထုက ကြောက်သွားမယ်ထင်ပြီး ပိုလို့ပိုလို့ လူမဆန်စွာ ရက်စက်ယုတ်မာလေလေ သူတို့ မိုက်တွင်းနက်လာလေလေဖြစ်ပြီး ကိုယ့်သေတွင်း ကိုယ်တူးနေကြတာပါပဲ။ စစ်အခွင့်ထူးခံ ဒုစရိုက်ကောင်တွေအတွက်တော့ ပြည်သူလူထုဆိုတာ ကမ်းမမြင်လမ်းမမြင် သေမင်းတမန် ရွှံ့ညွှန်တောကြီးနဲ့ အတူတူပါပဲ။ ပြည်သူကို တိုးပြီး ရမ်းကားရက်စက်လေလေ ရွှံ့ညွှန်တောကြီးထဲမှာ နစ်သထက်နစ်မြုပ်ပြီး မ‌ဝေးတော့တဲ့ ကာလအတွင်းမှာပဲ လက်ငင်း ဘဝဆုံးကြရမှာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013