
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကလည်း လာရောက်ဖို့ ဖိတ်ကြားသွားဖို့ ရှိနေတယ်လို့ စစ်အာဏာရှင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ မလေးရှားခရီးစဉ်အပြီး နေပြည်တော်မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် အခုလိုပြောခဲ့တာ ဖြစ်ပါတယ်။
ဒေါက်တာခိုင်ခိုင်စိုးက “အင်ဒိုနီးရှားနဲ့ ဘရူနိုင်းနိုင်ငံကလည်း ဖိတ်ဖို့ရှိတယ်ဆိုတဲ့ သတင်းအချက်အလက်ကို မလေးရှားဝန်ကြီးချုပ်က ပြောပြခဲ့လို့ သိခဲ့ရပါတယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ဟာ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်ရဲ့ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံကို အောက်တိုဘာ ၇ ရက်နဲ့ ၈ ရက်နေ့တို့မှာ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
မင်းအောင်လှိုင်ရဲ့ မလေးရှားခရီးစဉ်ဟာ သံတမန်ရေးနဲ့ နိုင်ငံရေးအရ အောင်မြင်တဲ့ ခရီးစဉ်တခု ဖြစ်တယ်လို့လည်း သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ဟာ သမ္မတလုပ်ယူပြီး ကတည်းက အာဆီယံနိုင်ငံတွေ ဖြစ်တဲ့ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ မလေးရှား စတဲ့နိုင်ငံတွေကို သွားရောက်ထားပြီး တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတို့ကိုလည်း နိုင်ငံတော်အဆင့် ခရီးစဉ်တွေ သွားရောက်ထားပါတယ်။
မလေးရှားခရီးစဉ်အတွင်း နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့နဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေအရေး ထည့်သွင်း ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။











