DVB Logo
Home
မြန်မာသတင်း
အင်းတော်မြို့တွင် အာဏာသိမ်းစစ်အုပ်စုထုတ်ကုန် ဘီယာဖာ ၂၀၀ အား ဖျက်ဆီး
DVB
·
August 15, 2022
အင်းတော်မြို့တွင် အာဏာသိမ်းစစ်အုပ်စုထုတ်ကုန် ဘီယာဖာ ၂၀၀ အား ဖျက်ဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ ဩဂုတ် ၁၂ ရက် နေ့လယ်က စစ်အုပ်စုထုတ်ကုန် ဘီယာဖာ ၂၀၀ ကို သိမ်းဆည်းရမိပြီး ဖျက်စီးပစ်ခဲ့တယ်လို့ အင်းတော်မြို့နယ် တော်လှန်ရေးအဖွဲ့က ဩဂုတ် ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ဒေသကာကွယ်ရေး (PDF) ပူးပေါင်းအဖွဲ့တွေဟာ အင်းတော်နဲ့ ကျောင်းကုန်းလမ်းပိုင်းမှာ စစ်ဆေးရေးပြုလုပ်နေစဉ် မန္တလေးဘက်မှ အင်းတော်မြို့နယ်ဘက်ကို ဝင်ရောက်လာတဲ့ ၆ ဘီးကားကို စစ်ဆေးရာမှ စစ်အုပ်စုထုတ်ကုန် ဘီယာဖာ ၂၀၀ ကို‌ တွေ့ရှိသိမ်းဆည်းခဲ့ရမိတာလို့ ဆိုပါတယ်။

“အကြမ်းဖက်စစ်အုပ်စုကို သက်ဆိုးရှည်စေမယ့် ထုတ်ကုန်တွေမှန်သမျှ အသုံးမပြုကြဖို့၊ ရောင်းဝယ်ခြင်းမပြုကြဖို့ တော်လှန်ရေးအင်အားစုအားလုံးက တချိန်လုံးထုတ်ပြန် သတိပေးနေတာပါ။ ဒီနယ်ပဲဖြစ်ဖြစ် တခြားနယ်မှာပဲဖြစ်ဖြစ် စစ်အုပ်စုထုတ်ကုန်မှန်သမျှ တွေ့ရှိခဲ့ရင်တော့ ဖျက်ဆီးပစ်ရမှာပဲ ဖြစ်ပါတယ်။ အခုလည်း အကြမ်းဖက်လုပ်ရပ်တွေကို ပံ့ပိုးပေးနေတဲ့ စစ်အုပ်စုရဲ့ထုတ်ကုန်တွေကို တွေ့ရှိလို့ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ ကားနဲ့ ကားသမားတွေတော့ သတိပေးပြီး ပြန်လွှတ်လိုက်တယ်။ အင်တာနက်လိုင်းအဆင်မပြေလို့ နောက်ကျမှ ထုတ်ပြန်ရတာပါ” လို့ အင်းတော်မြို့နယ် တော်လှန်ရေးတပ်ဖွဲ့ Indaw Revolation - IR မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

သိမ်းဆည်းရမိတဲ့ စစ်တပ်ထုတ်ကုန် မြန်မာဘီယာဖာ ၁၈၀၊ အက်ဒမန်ဂိုး ၁၂ ဖာ၊ ဒဂုန်ဘီယာ ၈ ဖာတို့ကို ကားနဲ့နင်းကြိတ်ကာ ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

အင်းတော်မြို့နယ်ရှိ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အာဏာသိမ်းစစ်အုပ်စုပိုင် ထုတ်ကုန်မှန်သမျှကို စစ်ဆေးတွေ့ရှိပါက အလားတူတားဆီး ဖျက်ဆီးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ထပ်မံသတိပေးထားပါတယ်။

ပြီးခဲ့ ဇန်နဝါရီလပိုင်းကလည်း အင်းတော်မြို့နယ်လမ်းပိုင်းမှာ ကသာမှမော်လူးဘက်တင်ပို့မယ့် ကားတစီးပေါ်က Myanmar Beer ဖာ ၁၃၀ ကျော်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ အင်းတော်မြို့နယ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ကျောင်းကုန်း၊ အင်းတော်၊ မော်လူးလမ်းပိုင်းကို ည ၇ နာရီကနေ မနက် ၅ နာရီအထိ မည်သည့်ယာဥ်မှ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ ပြီးခဲ့တဲ့ ဩဂုတ် ၉ ရက်နေ့က အသိပေးထုတ်ပြန်ထားပါတယ်။

လူနာတင်ယာဥ်များ အရေးပေါ် ဖြတ်သန်းသွားလာပါက Indaw Revolution-IR နဲ့ သက်ဆိုင်ရာအဖွဲ့စည်းတွေဆီအသိပေးပြီး အရှိန်လျှော့မောင်းကာ ဖြတ်သန်းသွားလာရမှာဖြစ်ပြီး အစစ်ဆေးခံရမယ်လို့ အဆိုပါထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013