DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်ခေါင်းဆောင်၏ ရန်ကုန် ၆ မိုင်ခွဲ Inya View နေရာရောင်းချမှုမှ ကန်ဒေါ်လာ ၁ သန်းရရှိထား
DVB
·
August 14, 2022
အကြမ်းဖက်စစ်ခေါင်းဆောင်၏ ရန်ကုန် ၆ မိုင်ခွဲ Inya View နေရာရောင်းချမှုမှ ကန်ဒေါ်လာ ၁ သန်းရရှိထား
Donate to DVB

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြည်သူထံမှ ခိုးယူထားတဲ့ ရန်ကုန်မြို့ ၆ မိုင်ခွဲမှ Inya View နေရာကို NUG အစိုးရက ဩဂုတ် ၅ ရက်က စတင်ရောင်းချနေရာမှာ ၉ ရက်အတွင်း အစုရှယ်ယာ အမေရိကန်ဒေါ်လာ ၁ သန်းဖိုး ရောင်းချခဲ့ရပြီးဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် မတရားယူထားတဲ့ ရန်ကုန်မြို့ရှိ အင်းယားလမ်းနေအိမ်ကို NUG က အမေရိကန် ဒေါ်လာ ၁၀ သန်းနဲ့ တန်ဖိုးဖြတ်ရှယ်တွေအားလုံးရောင်းချခဲ့အပြီးမှာ  အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) ရဲ့ ဒုတိယ အစီအစဉ်အဖြစ်  လှိုင်မြို့နယ်၊ ၆ မိုင်ခွဲမှာ တည်ရှိတဲ့  နိုင်ငံတော်ပိုင်မြေဟာ ၁ ဒသမ ၈ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်တန်ကြေးရှိတဲ့ Inya View နေရာကို NUG က ထပ်မံ ရောင်းချနေတာပါ။

“ဒုတိယမြောက် EOD project ကတော့ ၉ ရက်အတွင်းမှာတင် ဒေါ်လာ ၁ သန်းဖိုးရောင်း ထားရပါပြီ။ မိလ္လာတွင်းထဲမှာ ငွေထုပ်ပိုက်ပြီး  တအိအိ အနစ်ခံမလား၊ ဒါမှမဟုတ်…ကိုယ့်ကို မိလ္လာတွင်းထဲ တွန်းချတဲ့ ဉာဏ်မမီ၊ ကျပ်မပြည့်၊ ဘုရင်ရူးတဲ့ တစ်ကိုယ်ကောင်းသမား တစ်အုပ်ကို နားရင်းအုပ်၊ အပြတ်ဖြိုပြီး တွင်းပေါ်ကို ပြန်တက်ဖို့ အဲဒီငွေတွေကို သုံးမလား။  ဒွိဟဖြစ်ဖို့တောင် မလိုလို့ EOD ရှယ်ယာတွေ၊ Bond တွေ အမြန်ဆုံးပြေးဝယ်ကြပါ”လို့  EOD project စီစဉ်သူတွေက တိုက်တွန်းထားပါတယ်။

အခုရောင်းချမှုမှာတော့ ကာလတန်ကြေးရဲ့ ၃ ပုံ ၁ ပုံ၊ အမေရိကန်ဒေါ်လာ ၇ သန်းသာ တန်ဖိုးဖြတ်ပြီး အစုရှယ်ယာ ၇၀,၀၀၀ ကို ရောင်းချသွားမှာဖြစ်ကာ ရှယ်ယာတစုကို အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ် ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ရှယ်ရာပေါင်း ၅၀၀" (ဒေါ်လာ ငါးသောင်းဖိုး) ကို တစ်ယောက်တည်းက ဝယ်ယူအားဖြည့်ခဲ့သလို ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်မှာလည်း ရှစ်လေးလုံးအရေးတော်ပုံအထိမ်းအမှတ်အနေနဲ့ ၈၈ တုန်းက အမြစ်မပြတ်ခဲ့လို့ ၂၀၂၁ မှာ တခါ ခေါင်းထောင်လာတဲ့ အာဏာရှင်စနစ်ကို၊ သူတို့ခေတ်မှာ အမြစ်ဖြတ်မယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ စင်ကာပူနိုင်ငံကနေ 8888 အမည်နဲ့ ရှယ်ယာ ၈၈ စောင် ဝယ်ယူသူ တဦးလည်း ပေါ်ထွက်လာခဲ့တယ်လို့ EOD က ဆိုပါတယ်။

EOD project ရဲ့လူမှုကွန်ရက်မှာတော့ “ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ စစ်ကောင်စီရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုကြောင့် မြန်မာငွေတန်ဖိုးတွေ အဆက်မပြတ်ကျ၊ စီးပွါးရေးလုပ်ငန်း ကြီးငယ်တွေအားလုံး အကြီးအကျယ် ဆုံးရှုံးနဲ့၊ ဒီအတိုင်း ဆက်သွားရင် မကြာခင် တစ်ပြည်လုံး အငတ်ဘေး ဆိုက်တော့မှာ အားလုံးသိမှာပါ။ ကိုယ့်လက်ထဲက မြန်မာကျပ်ငွေ တန်ဖိုးထပ်မကျအောင် ထိန်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ စစ်ကောင်စီကို လုံးဝ လဲကျသွားသည်အထိ အဆက်မပြတ် ထိုးနှက်ရာမှာသုံးမယ့် EOD ရှယ်ယာနဲ့ Bond ဝယ်ယူခြင်းပဲဖြစ်ပါတယ်။ ဒီနည်းကသာ စစ်အာဏာရှင်ကို အမြန်ဆုံးဖြုတ်ချနိုင်၊ မိမိမြန်မာကျပ်ငွေများကိုလည်း မဆုံးရှုံးရမယ့် win-win strategy ဖြစ်ပါတယ်။”လို့ ရေးသားထားပါတယ်။

ဒီရောင်းချမှုကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ “အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာ အခြေခံမူများ” အပိုဒ် ၄ နဲ့ အပိုဒ် ၅ အရ စီမံဆောင်ရွက်တာဖြစ်ပြီး EOD ရဲ့ ပထမ အစီအစဉ် “၁၄ အင်းလျား” ကို ရောင်းချပေးခဲ့တဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးက ကိုယ်စားလှယ်တွေဆီ ချိတ်ဆက်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် The End of Dictatorship-EOD အနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရား ရယူသိမ်းပိုက်ထားတဲ့ တခြားသော အိမ်နဲ့ အဆောက်အအုံတွေ၊ စစ်ကောင်စီခေါင်းဆောင်တွေ မတရား ပိုင်ဆိုင်ထားတဲ့ အိမ်ခြံမြေတွေကို တခုပြီးတခု ကြိုပွိုင့်နဲ့ ရောင်းချပြီး တော်လှန်ရေးအတွက် အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေတွေကိုလည်း ဆက်လက်ရှာဖွေသွားမယ်လို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013