DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့ နျူးကလီးယားပိုင်ဆိုင်ရေးအိပ်မက် တကယ်ဖြစ်လာမလား
DVB
·
February 10, 2023
အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့ နျူးကလီးယားပိုင်ဆိုင်ရေးအိပ်မက် တကယ်ဖြစ်လာမလား
Donate to DVB

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ နျူးကလီးယားပိုင်ဆိုင်ရေး အိပ်မက်က ရုပ်ပြနိုင်ငံရေးအတွက် အသုံးချဖို့သာ ဖြစ်လာနိုင်ခြေရှိတယ်လို့ ကျွမ်းကျင်သူ သုတေသီတွေက သုံးသပ်ပြောကြားလိုက်ပါတယ်။

စစ်ခေါင်းဆောင်ဟာ နျူးကလီးယား ပိုင်ဆိုင်ဖို့အတွက် ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းနဲ့ ပူးပေါင်းကာ နျူးကလီးယားစွမ်းအင်ကို နယ်ပယ်အသီးသီးမှာ သုံးနိုင်ဖို့ ကြံစည်ထားကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး နျူးကလီးယား နည်းပညာသတင်းအချက်အလက် စင်တာဖွင့်ပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် စစ်ခေါင်းဆောင်ရဲ့ နျူးကလီးယား ပိုင်ဆိုင်ရေးအိပ်မက်က အကောင်အထည် ပေါ်လာနိုင်မလား ဆိုတဲ့အပေါ် သုတေသီတွေက အခုလို သုံးသပ်ထားပါတယ်။

နည်းပညာနဲ့ မူဝါဒရေးရာ ကျွမ်းကျင်သူတဦးက “ကျနော်တို့ ဗမာစကားပုံမှာ ရှိတယ်လေ။ မမီတဲ့ပန်း တုံးခုလှမ်းတယ်ဆိုတာ။ နျူးကလီးယားဆိုတာက ပစ္စည်းမဟုတ်ဘူး။ ဈေးထဲမှာ ကားသွားဝယ်တာမျိုးလို မဟုတ်ဘူး။ ဥပမာ ကားမှာ auto mobile technology ဆိုတာ ရှိတယ်နော်။ မြန်မာပြည်မှာ ပြဿနာတက်နေတာလည်း အဲ့ဒါပဲလေ။ ဘာလို့လဲဆို မြန်မာပြည်မှာ ကားထုတ်တယ်သာ ပြောတာ၊ auto mbile technology မရှိဘဲနဲ့ လုပ်နေတာ။ အမှန်တော့ ဒါက လိမ်ညာနေတာပဲ။ နောက်တချက်က ဆိုရှယ်လစ်ခေတ် နောက်ပိုင်းမှာကတည်းက မြန်မာခေါင်းဆောင်တွေရဲ့ ခေါင်းဆောင်မှုအပိုင်းက ယိုယွင်းလာတယ်။ ဘာတွေ့ရလဲဆိုရင် ရုပ်ပြနိုင်ငံရေးဘက်ကိုပဲ ပြောင်းလာကြတာ တွေ့ရတယ်။ အခု နျူးကလီးယားဆိုတာကြီးကလည်း ရုပ်ပြနိုင်ငံရေးပဲ။ ဒါကြီး လုပ်လိုက်လို့ဆိုရင် လူတွေက သူတို့ကို အထင်ကြီးမယ်၊ ပြီးတော့ ကြောက်မယ်၊ လန့်မယ် ဆိုတဲ့ Ideology က ဟိုးအရင်ကတည်းက ပါလာခဲ့ကြတယ်။ ဗိုလ်ခင်ညွန့်တို့လက်ထက်မှာ ကြည့်လေ၊ E Government၊ E Education တို့ဆိုပြီး လုပ်ခဲ့ကြတာပဲ။ စကားလုံး အကြီးကြီးတွေနဲ့ ပြောခဲ့ကြတာပဲလေ။ ဒါမျိုးပြောလို့ရှိရင် လူတွေ အထင်ကြီးကြမယ်။ လူတွေ ကြိုက်ကြမယ်ဆိုပြီး လုပ်ခဲ့ကြတာ။ ပြီးတော့ တခုမှလည်း မအောင်မြင်ဘူး။ အခုလဲ မမီတဲ့ပန်း တုံးခုလှမ်းပြီး အကြွားသန်တာလောက်ပဲ ရှိတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရုရှားအကူအညီနဲ့ မြန်မာနိုင်ငံမှာ Small Modular Reactor (နျူးကလီးယား ဓာတ်ပေါင်းဖို အသေးစား) တည်ဆောက်ဖို့နဲ့ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်ပညာရှင်တွေ မွေးထုတ်ပြီး နျူးကလီးယားစွမ်းအင်ကို လုံခြုံစိတ်ချ ဘေးအန္တရာယ်ကင်းကင်း သုံးနိုင်ဖို့ မျှော်လင့်ထားပါတယ်။

ဒီ့အပြင် နိုင်ငံရဲ့ နျူးကလီးယား အခြေခံအဆောက်အုံ တည်ထောင်နိုင်ရေးနဲ့ ပတ်သက်လို့ နှစ်ဖက် ကျွမ်းကျင်သူတွေ တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီး လိုအပ်တဲ့ နျူးကလီးယား ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေးနဲ့ အရေးပေါ်အခြေအနေတွေ တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းတွေကိုလည်း ဆန်းစစ်လေ့လာကာ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ မှတ်တိုင်ပါ အချက် ၁၉ ချက်အတိုင်း အကောင်အထည်ဖော်ဖို့ ပူးပေါင်းကြမယ်လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်အပေါ် စွမ်းအင်အရင်းအမြစ်ဆိုင်ရာ ကျွမ်းကျင်သူ သုတေသီတဦးက “မြန်မာပြည်မှာ အရင်က သိပ္ပံနဲ့နည်းပညာဝန်ကြီး ဒေါက်တာကိုကိုဦး ဆိုတာ ရှိတယ်။ သူက နျူးကလီးယားနဲ့ပတ်သက်ပြီး ဒေါက်တာဘွဲ့ယူထားတာ။ သူ ဘာကြောင့် သေသွားလဲဆိုတာ အခုချိန်ထိ ဘယ်သူမှမသိဘူး။ ကျနော့်စိတ်ထင်တော့ accident တခုခုကြောင့်လို့ ထင်တာပဲ။ ဆိုတော့ International standard တွေ protocol တွေနဲ့အညီ လုပ်ဖို့ဆိုတာက မြန်မာပြည်အခြေအနေနဲ့က အဝေးကြီးပါ။ ကျနော့်အမြင်ကတော့ လူတွေ အထင်ကြီးအောင်နဲ့ သူ့ရဲ့နောက်လိုက်တွေ အထင်ကြီးအောင် လုပ်ချင်တဲ့သဘောလည်း ပါမယ်။ အဲ့ဒါကလည်း ဘယ်တော့ရပ်သွားမလဲ မပြောနိုင်ဘူး။ ဥပမာ ကြက်ဆူဆီလိုပေါ့။ ရန်ကုန် စက်မှုတက္ကသိုလ်ကြီးမှ ဌာနတခုက ပါမောက္ခတွေဟာ ဗိုလ်သန်းရွှေရဲ့ ကြက်ဆူဆီ မူဝါဒကို လှိုက်လှိုက်လဲလဲ ထောက်ခံပါတယ် ဆိုပြီး ဘရာဇီးကနေ မျိုးတွေကိုယူပြီး ဒေါ်လာ ၁ သန်းဖိုး ရောင်းသွားတာလေ။ အဲ့လိုမျိုး ချောင်းနေတဲ့သူတွေကလည်း ရှိတယ်။ ရှင်းရှင်းပြောရရင် ဒီလူ ငပေါကြီးဖြစ်တာ အရေးမကြီးဘူး။ သူ့မူဝါဒထဲကနေ ပိုက်ဆံ ဘယ်လိုရမယ်ဆိုတာ ချောင်းနေတဲ့သူတွေကလည်း ရှိတယ်။ ဘုရင်ရူးလေ အမတ်ပျော်လေပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရုရှားနိုင်ငံပိုင် ROSATOM နဲ့ မြန်မာနိုင်ငံက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ အကြားမှာ ၂၀၁၅ ခုနှစ် ဇွန်လ ၁၈ ရက်က နျူးကလီးယားစွမ်းအင် အသုံးချရေးနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးထားတာပါ။

ဒီ့နောက် ၂၀၂၂ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့ကလည်း လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးဆိုင်ရာ လေ့ကျင့်ရေးနဲ့ ကျွမ်းကျင်မှု အရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့နဲ့ နျူးကလီးယားစွမ်းအင်အပေါ် ပြည်သူတွေရဲ့ အပြုသဘောဆောင်တဲ့ သဘောထားအမြင်တွေ ရလာစေဖို့ ရည်ရွယ်ပြီး နားလည်မှုစာချွန်လွှာ ၂ စောင်ကို လက်မှတ်ရေးထိုးထားတဲ့အပြင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်ကလည်း နျူးကလီးယားနည်းပညာ အသုံးချနယ်ပယ် ၁၄ ခုအတွက် ပူးပေါင်းဆောင်ရွက်ရာမှာ ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်အတွက် သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုး ခဲ့ပါတယ်။

ဒါပေမဲ့ တဖက်မှာလည်း မြန်မာနိုင်ငံဟာ နျူးကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ်ကို NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်မှာ လက်မှတ်ရေးထိုးထားသလို နျူးကလီးယားလက်နက် ပိတ်ပင်တားဆီးရေး စာချုပ်ကိုလည်း ၂၀၁၈ ခုနှစ်မှာ လက်မှတ်ရေးထိုးထားတာ ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013