DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီကို အကြမ်းဖက်နည်းလမ်းဖြင့်မရနိုင်၊ NUG၊ PDF၊ EAO များကို ပြတ်ပြတ်သားသား အရေးယူမည်ဟု အကြမ်းဖက် စစ်ခေါင်းဆောင်ပြော
DVB
·
March 27, 2023
ဒီမိုကရေစီကို အကြမ်းဖက်နည်းလမ်းဖြင့်မရနိုင်၊ NUG၊ PDF၊ EAO များကို ပြတ်ပြတ်သားသား အရေးယူမည်ဟု အကြမ်းဖက် စစ်ခေါင်းဆောင်ပြော
Donate to DVB

ဒီမိုကရေစီကို အကြမ်းဖက်နည်းလမ်းနဲ့ မရနိုင်တဲ့အကြောင်းနဲ့  NUG၊ PDFနဲ့ ပံပိုးပေးနေတဲ့ EAO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ပြတ်ပြတ်သားသား အရေးယူ တုံ့ပြန်တိုက်ခိုက်သွားမယ်လို့   အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

မတ်လ ၂၇ ရက် ဒီနေ့မနက်က နေပြည်တော်မှာကျင်းပတဲ့  (၇၈)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ (တပ်မတော်နေ့)  စစ်ရေးပြ အခမ်းအနားမှာ စစ်ခေါင်းဆောင်က စစ်သည်တွေကို မိန့်ခွန်းပြောဆိုရာမှာ ထည့်သွင်းပြောသွားတာပါ။

ဒီမိုကရေစီအပေါ်မှာ သဘောထားကွဲလွဲမှုကြောင့် လုပ်ဆောင်လာတဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ဘယ်နိုင်ငံအစိုးရကမှ ခွင့်ပြုမှာမဟုတ်တဲ့အပြင် ဒီမိုကရေစီကို အကြမ်းဖက်တဲ့နည်းလမ်းနဲ့လည်း ရရှိနိုင်မှာ မဟုတ်ကြောင်းလည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ နိုင်ငံရေးရည်ရွယ်ချက်ရှိရှိနဲ့ ဖွဲ့စည်းခဲ့တဲ့ NUG ကတဆင့် ပေါက်ဖွားလာတဲ့ PDF အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ သူတို့ကို ကူညီနေတဲ့ တချို့သော EAO တွေရဲ့ နိုင်ငံအပေါ်မှာ ပျက်စီးရာ ပျက်စီးကြောင်း လုပ်ဆောင်နေမှုတွေသာ ဖြစ်တယ်လို့ဆိုပါတယ်၊ NUG နဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ သူတို့ကို ပံ့ပိုးနေတဲ့ EAO အဖွဲ့အစည်းတွေကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောကြားပါတယ်။ 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “NUG နဲ့ လက်ဝေခံ PDF တို့ရဲ့ အကြမ်းဖက်မှုတွေ လုံးဝရပ်ဆိုင်းသွားအောင် ဆောင်ရွက်သွားဖို့ လိုအပ်တယ်။ တပ်မတော်နဲ့ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော်ကို ဖျက်ဆီးနေတဲ့ ပြည်သူကို သတ်နေတဲ့ ဒီအကြမ်းဖက်အဖွဲ့ကို ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်သွားမှာဖြစ်တယ်" လို့ ပြောပါတယ်။ 

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ် အောင်မြင်စွာလျှောက်ထားနိုင်ဖို့ စစ်ကောင်စီကို အပြုသဘောပူးပေါင်းရွက်ဖို့လည်း တိုက်တွန်းပါတယ်။

ဒါ့အပြင် အကြမ်းဖက်အားပေးတဲ့နိုင်ငံတချို့နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေတချို့က နိုင်ငံတည်ငြိမ်မှုပျက်ပြားအောင်ပြုလုပ်ပြီး ပစ်မှုကျူးလွန်နေတဲ့ CRPH၊ NUG နဲ့ လက်ဝေခံ PDF အဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေကိုမဖော်ပြဘဲ အစိုးရအပေါ်မှာ ပစ်တင်ဝေဖန်နေတာဟာ အလွန်ပဲ လွဲမှားနေတယ်လို့လည်းစစ်ခေါင်းဆောင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော်အာဏာကို တရားမဝင်သိမ်းယူခဲ့တဲ့အတွက် သန်းနဲ့ချီတဲ့ ပြည်သူတွေက ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြရာမှာ စစ်တပ်က အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်ခဲ့တဲ့အတွက် တိုင်းရင်းသားပြည်သူတရပ်လုံးက ရရာလက်နက်စွဲကိုင်ပြီး နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်တွေကို ခုခံတွန်းလှန်စစ်ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၃,၁၆၀ နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၀,၈၄၆ ယောက်ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုပယ်ဖျက်ပြီး  စစ်ကောင်စီက ထပ်မံကျင်းပဖို့စီစဉ်နေတဲ့  ရွေးကောက်ပွဲသစ်နဲ့  ပတ်သက်လို့လည်း   တည်ငြိမ်အေးချမ်းဖို့လိုတဲ့အကြောင်းနဲ့ ရွေးကောက်ပွဲကို ပြီးစလွယ်မလုပ်ဖို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ အာဏာသိမ်းခါစက ရွေးကောက်ပွဲကို တနှစ်အတွင်းကျင်းပပေးဖို့ ပြောဆိုခဲ့ပြီး နောက်ပိုင်းမှာ ၂၀၂၃ ခုနှစ်မှာ ကျင်းမယ်လို့ ပြောင်းလဲ ပြောဆိုခဲ့ပြီး အခုတခါမှာတော့ ကျင်းပမယ့်နေ့ရက်ကို ပြေဆိုတာမရှိတော့ပါဘူး။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က “ရွေးကောက်ပွဲကို ဥပဒေပြဋ္ဌာန်းချက်များနဲ့အညီ လွတ်လပ်ပြီး တရားမျှတစွာနဲ့ ပြည်သူများ ဒီမိုကရေစီအခွင့်အရေး မဆုံးရှုံးစေရေး၊ အကြားအလပ်မရှိ မဲပေးစေရေးကို စောလျှင်စွာဆောင်ရွက် နိုင်ဖို့အတွက် အဓိက လိုအပ်ချက်ဟာ တည်ငြိမ်အေးချမ်းရေးပဲဖြစ်တယ်။ အထွေထွေ ရွေးကောက်ပွဲဟာ ပြည်သူများက သူတို့ရဲ့ အနာဂတ်မျှော်လင့်ချက်အတွက် မဲပေးရွေးချယ် တင်မြှောက်ခြင်းပဲဖြစ်တယ်။ ဒါကြောင့် ရွေးကောက်ပွဲကို ပြီးစလွယ်လုပ်လို့ မရနိုင်ဘူး”လို့ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီ အပြတ်အသတ်ရှုံးနိမ့်သွားပြီးနောက်  မဲစာရင်းတွေမှားတယ် မဲမသမာမှုရှိတယ်လို့ အကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းခဲ့တာဖြစ်ပေမဲ့ လက်ရှိအချိန်အထိ  မဲမသမာမှုရှိတဲ့ အမှုတခုတလေတောင် စစ်ကောင်စီက သက်သေပြနိုင်တာမရှိသလို မဲမသမာမှုနဲ့ တရားရုံးတင်ခဲ့ရတဲ့ အမှုလည်း တခုမှ မရှိခဲ့ပါဘူး။

ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြုံနေရတဲ့ အချိန် ခက်ခက်ခဲခဲကျင်းပခဲ့ရပြီး ပြည်သူတွေ လွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ရတဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပြည်တွင်းနဲ့ ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့် အဖွဲ့တွေ၊ ကုလသမဂ္ဂ ၊ အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းအားလုံးက အသိအမှတ်ပြုလက်ခံခဲ့ပြီး လွတ်လပ်မျှတဲ့ ရွေးကောက်ပွဲအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။  

စစ်ခေါင်းဆောင်ကတော့  နယ်ချဲ့တို့ရဲ့ အမွေဆိုးဖြစ်တဲ့ လူမျိုးရေးအမြင်ကျဉ်းမြောင်းမှုတွေကို ဖယ်ရှားဖို့၊ ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းတည်ပြီး မတူညီတဲ့ အယူအဆတွေကို တူညီတဲ့ ဘုံသဘောထားတွေနဲ့ ပေါင်းစည်းကြဖို့၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ နိုင်ငံရေးရဲ့ အစိတ်အပိုင်းတရပ်ဖြစ်ပေမဲ့ နိုင်ငံရေးရဲ့ လက်နက်တခုအနေနဲ့မဟုတ်ဘဲ နိုင်ငံတည်ဆောက်ရေးနဲ့ အမျိုးသားအကျိုးစည်းပွားအတွက် အဓိက ဦးတည် လုပ်ဆောင်သွားမှသာ အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးကို အထောက်အကူ ဖြစ်စေမယ်လို့ ဒီကနေ့ မိန့်ခွန်းပြောဆိုပါတယ်။

ဒါ့ပြင် တပ်မတော်ဟာ ငြိမ်းချမ်းရေးကို အလိုလားဆုံးအဖွဲ့အစည်းဖြစ်တယ်၊ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ရာမှာ   အန်စီအေ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်  ၇ ဖွဲ့၊ အပစ်ရပ်လက်မှတ်မထိုးတားတဲ့ အဖွဲ့ ၃ ဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့နဲ့ ဆွေးနွေးနေပြီး  ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးနိုင်အောင် ငြိမ်းချမ်းရေးတံခါး ဖွင့်ထားတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောသွားပါတယ်။ 

(၇၈)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ စစ်ရေးပြကွင်းကို မနေ့က ရှော့တိုက်ဒုံနဲ့ တိုက်ခိုက်ခံရလို့ လုံခြုံရေးပိုမိုတင်းကျပ်ကျင်းပခဲ့တာဖြစ်ပြီး ရန်ကုန်မှာလည်း ဒီကနေ့ ဗုံးပေါက်ကွဲမှုတွေ မြို့နယ်တချို့မှာ ဖြစ်ပွားခဲ့ပါတယ်။

PHOTO-CINCDS

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013