
စစ်ကိုင်းတိုင်း တမူးမြို့၊ စန္ဒကူးရပ်ကွက် ဝင်းဝင်းရေခဲစက်လမ်းကြားက အုတ်ခံ ၂ ထပ် အိမ် တလုံးမှာ ဩဂုတ် ၁၃ ရက် ည ၈ နာရီ ကျော်လောက်က ဓားပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓားပြတိုက်မှုဟာ မိသားစု ၃ ယောက်သာရှိတဲ့ ကုန်သည် ဂေါ်ရခါးလူမျိုး တယောက်ရဲ့အိမ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အိမ်ရှင်နဲ့မိသားစုကို ဓားမြှောင်ကိုင်ထားသူ ၅ ယောက်က ဓားနဲ့ထောက်ကာ ငွေကျပ် သိန်း ၈၀၀ လောက်နဲ့ ရွှေ ၁၀ ကျပ်သားကို ယူဆောင်သွားခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“အခင်းဖြစ်ချိန် အိမ်ရှင်က အရှေ့တံခါးကို ပိတ်ပြီး ခြေလက်ဆေးကြောချိန် လူ ၅ ဦး ရောက်လာပြီး ဓားပြ တိုက်သွားတာ။ မိန်းမနဲ့ သမီးပါ ဓားနဲ့ထောက်ခြိမ်းခြောက်ထားတာ။ ရဲစခန်းကိုတော့ မတိုင်ဘူး။ အုပ်ချုပ်ရေးမှူးရုံးကိုတော့ တိုင်ထားတယ်။”
ဓားပြတိုက်တာနဲ့ပတ်သက်လို့ ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းတွေက လုပ်တယ်ဆိုတာတော့ သီးခြားအတည် မပြုနိုင်သေးပါဘူး။
လတ်တလောမှာ တမူးမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲ ပြင်းထန်နေတာပါ။