DVB Logo
Home
မြန်မာသတင်း
ကုလပညာရေးညီလာခံတက်ရန် စစ်ခေါင်းဆောင်ထံ စာပေးပို့သည့်ကိစ္စ NUG ပြင်းထန်စွာ ကန့်ကွက်
DVB
·
August 13, 2022
ကုလပညာရေးညီလာခံတက်ရန် စစ်ခေါင်းဆောင်ထံ စာပေးပို့သည့်ကိစ္စ  NUG ပြင်းထန်စွာ ကန့်ကွက်
Donate to DVB

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပမယ့်  ကုလသမဂ္ဂ ပညာရေး အသွင်ကူးပြောင်းမှုဆိုင်ရာ ညီလာခံကို  တက်ရောက်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်း ၁၂ ဖွဲ့က မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို ဝန်ကြီးချုပ်အဖြစ် လိပ်မူပြီး   စာရေးသား ဖိတ်ကြားခဲ့တဲ့အပေါ်  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က  ပြင်းထန်စွာ ကန့်ကွက် လိုက်ပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့  (HRW)နဲ့  နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) နဲ့  Save the Children တို့အပါအဝင် အဖွဲ့အစည်း ၁၂ ဖွဲ့က အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို  ဝန်ကြီးချုပ်အဖြစ်လည်းကောင်း ဝဏ္ဏမောင်လွင်ကို နိုင်ငံခြားရေးဝန်ကြီး အဖြစ်လည်းလိပ်မူပြီး ပေးခဲ့တာကို ကန့်ကွက်ကြောင်း NUG က   ဩဂုတ်လ ၁၃ ရက်စွဲနဲ့ ထုတ်ပြန် လိုက်တာပါ။

အခုလို အကြမ်းဖက်စစ်အုပ်စု အဖွဲ့ဝင်တွေကို စာပေးပို့တာဟာ မြန်မာပြည်သူတစ်ရပ်လုံးကို စော်ကားသကဲ့သို့ဖြစ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်း ၁၂  ဖွဲ့ရဲ့  ပုံရိပ်ကို ထိခိုက်စေတဲ့ အကြောင်း၊ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW)ရဲ့  ပြန်လည်တောင်းပန်စာကို တွေ့ရှိခဲ့ပေမဲ့ စာမှာ အလွန်တိုတောင်းတာကို  ဝမ်းနည်းစိတ်ပျက်ဖွယ် တွေ့ရှိတယ်လို့ NUG က ပြောပါတယ်။ 

အကြမ်းဖက်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လူမျိုးတုံးသတ်ဖြတ်မှု အပါအဝင် စစ်ရာဇဝတ်မှုတွေကို  ကျူးလွန်နေသူဖြစ်တယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အထူးစောင့်ကြည့်ရေးအဖွဲ့နဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားတို့ရဲ့ စစ်ဆေး  ထုတ်ပြန်ချက်တွေအရ မင်းအောင်လှိုင်ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ ခေါင်းဆောင်ဖြစ်တဲ့အလျောက် အကြမ်းဖက် စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် များစွာတာဝန်ရှိသူဖြစ်တယ်လို့ဆိုပါတယ်။

အဆိုပါဖိတ်ကြားစာပေးပို့မှုကို အမြန်ဆုံးပြန်လည်ရုပ်သိမ်းပြီး လူသိရှင်ကြားတောင်းပန်ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတဲ့ စာအပြည့်အစုံ ရေးသားထုတ်ပြန်ဖို့နဲ့ တစ်ချိန်တည်းမှာ အဆိုပါ အဖွဲ့ ၁၂ ဖွဲ့အနေနဲ့ လွဲမှားသွား မှုအပေါ် အလေးအနက် ပြန်လည်သုံးသပ်ပြီး  အခုလိုအမှားအယွင်းမျိုး နောက်တစ်ကြိမ် ထပ်မံမဖြစ်ပွားစေဖို့ သေချာဂရုပြုရဖို့ NUG က တိုက်တွန်းပါတယ်။

ကမ္ဘာ့ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း (ယူနက်စကို) အနေနဲ့ စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ ပညာရေးအသွင်ကူးပြောင်းမှုဆိုင်ရာ ညီလာခံသို့ တက်ရောက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကိုယ်စားလှယ်ကိုသာ အသိအမှတ်ပြု ဖိတ်ကြားသင့်တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကို အဖွဲ့အစည်း ၁၂ ဖွဲ့က  ဝန်ကြီးချုပ်လို့ သုံးနှုန်းခဲ့တဲ့အပေါ်  ပြည်တွင်း၊ ပြည်ပနဲ့ နိုင်ငံတကာ အရပ်ဘက် အဖွဲ့အစည်း ၃၈၆ ဖွဲ့ကလည်း  ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

နိုင်ငံတကာအဖွဲ့အစည်း ၁၂ ခုက အာဏာသိမ်း စစ်ခေါင်းဆောင်ကို ဝန်ကြီးချုပ်လို့ အမည်တပ် လိပ်မူခဲ့တဲ့ စာတစောင်နဲ့ ပတ်သက်လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့  (HRW)နဲ့  နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) တို့ မြန်မာပြည်သူတွေကို ပြန်လည်တောင်းပန်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဒီစာဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၉၂ နိုင်ငံကိုပေးပို့တဲ့စာဖြစ်ပြီး ကံမကောင်းစွာနဲ့ ဒီစာကို မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ သဘောတူခွင့်ပြုချက်မပါဘဲ မြန်မာနိုင်ငံဆိုင်ရာ ဝန်ထမ်းက   မင်းအောင်လှိုင်ထံ လိပ်မူပြီး မှားယွင်းပေးပို့မိခဲ့တာလို့  ဒီစာရေးသားရာမှာ အဓိက တာဝန်ရှိတဲ့ HRW အဖွဲ့က ထုတ်ပြန်ထားပါတယ်။အခုလိုမှားယွင်းမှုဟာ မြန်မာအာဏာသိမ်းစစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတာ မဟုတ်ဘူးလို့ HRW က ထုတ်ပြန်ထားသလို AI အဖွဲ့ကလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ တောင်းပန်လိုက်ပြီး စစ်ခေါင်းဆောင်ကို နိုင်ငံတော် အကြီးအကဲအဖြစ် အသိအမှတ်ပြု လက်ခံမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013