အိန္ဒိယနိုင်ငံမှာ အပူလှိုင်းဒဏ် ပြင်းပြင်းထန်ထန် ခံနေရတဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေဟာ ရေဓာတ်ခန်းခြောက်တာ၊ အပူလွန်ကဲတာနဲ့ အပူလျှပ်တာ အပါအဝင် အပူကြောင့်ဖြစ်တဲ့ ဝေဒနာတွေကို တခြားသူတွေထက် ပိုခံစားရနိုင်ခြေ ရှိနေတယ်လို့ ဆရာဝန်တွေက မေ ၂၀ ရက်မှာ သတိပေးလိုက်ပါတယ်။
အိန္ဒိယအနောက်မြောက်ပိုင်း ဒေသတချို့မှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အပူချိန် ၄၀ ကနေ ၄၇ ဒီဂရီ ဆဲလ်စီးယပ်စ်ကြား (၁၀၄ - ၁၁၆ ဒသမ ၆ ဖာရင်ဟိုက်) ရှိခဲ့ပြီး လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ ဥတ္တရပရဒေ့ရှ်ပြည်နယ်မှာတော့ အမြင့်ဆုံးအပူချိန် ၄၈ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ်စ် (၁၁၈ ဒသမ ၇၆ ဖာရင်ဟိုက်) အထိ ရှိခဲ့ပါတယ်။
အစိုးရဆေးဘက်ဆိုင်ရာကောလိပ်နဲ့ ဆေးရုံက ဝါရင့် သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာ အာရှစ်ရှ် ဇာရာရီယာက “ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ဟာ မိမိကိုယ်တင်မကဘဲ ဗိုက်ထဲက ကလေးအတွက်ပါ အပိုတာဝန် ထမ်းထားရတာဖြစ်ပြီး အပူဒဏ်ကြားထဲ ကလေးကိုကာကွယ်ဖို့ မိခင်ရဲ့ခန္ဓာကိုယ်က ပိုပြီး ရုန်းကန်ရပါတယ်။ ဒါကြောင့် ဒီအချိန်မှာ ကိုယ်ဝန်ဆောင်တွေဟာ တခြားသူတွေထက် အပူလျှပ်တာနဲ့ အပူလွန်ကဲတာမျိုးတွေ ဖြစ်တတ်လို့ အန္တရာယ်ပိုများတာပါ” လို့ ရှင်းပြပါတယ်။
ဆူရတ်မြို့ ပြည်သူ့ဆေးရုံ မီးယပ်ဌာနက တွဲဖက်ပါမောက္ခ နီလမ် ပရာဂျာပါတီ ကလည်း “တကယ်တော့ ကိုယ်ဝန်ဆောင်နေချိန်မှာ သွေးပေါင်ချိန်က ပုံမှန်ထက် နည်းနည်းကျနေတတ်တာကြောင့် ဒီလိုအချိန်မှာ ရေအလုံအလောက် မသောက်ဘဲ အပူလျှပ်သွားရင် သွေးပေါင်ချိန် ထပ်ကျသွားပြီး သတိလစ်တာ၊ လဲကျတာတွေ ဖြစ်နိုင်ပါတယ်။ အဲဒီလို သွေးပေါင်ကျပြီး လဲကျတာမျိုးတွေကြောင့် ဗိုက်ထဲက ကလေးမှာပါ အန္တရာယ်ရှိလာနိုင်ပါတယ်” လို့ ပြောပါတယ်။
ဒါကြောင့် ဆရာဝန်တွေက ကိုယ်ဝန်ဆောင်မိခင်တွေကို အိန္ဒိယက အပူရှိန်ပြင်းတဲ့ ‘လူး’ လို့ခေါ်တဲ့ လေပူဒဏ် မမိအောင် အပူဆုံးအချိန်တွေမှာ အပြင်မထွက်ကြဖို့နဲ့ မိမိကိုယ်ကို ကာကွယ်ဖို့ ရေဓာတ်ပြည့်ဝအောင် နေကြဖို့ အကြံပြုထားပါတယ်။
မိုရာဒါဘတ် အမျိုးသမီးအစိုးရဆေးရုံက အရေးပေါ်ဆရာဝန်မကြီး အနီတာ မောရ်ယာက “သူတို့ကို အရည်များများသောက်ဖို့၊ အစာအိမ်ထဲ အစာမရှိဘဲ အပြင်မထွက်ဖို့၊ အပြင်ထွက်ရင်လည်း ပိတ်သားအင်္ကျီတွေနဲ့ ခန္ဓာကိုယ်ကို လုံခြုံအောင် ဖုံးအုပ်ဖို့နဲ့ ဆေးရုံလာရင်လည်း ပိတ်သားအင်္ကျီတွေ ဝတ်လာဖို့ ပုံမှန်အကြံပေးနေပါတယ်” လို့ ဆိုပါတယ်။
အပူပိုင်းဒေသမှာရှိတဲ့ အိန္ဒိယနိုင်ငံဟာ များသောအားဖြင့် နွေရာသီမှာ အရမ်းပူပြီး ဆောင်းရာသီမှာတော့ ရာသီဥတု အတော်အတန် သင့်တင့်မျှတလေ့ ရှိပါတယ်။
Source: Reuters










