DVB Logo
Home
မြန်မာသတင်း
အေးဂျင့်လိမ်လည်ခေါ်ဆောင်ခံရသည့် မြန်မာအမျိုးသမီးများ ဒူဘိုင်းတွင် အခက်အခဲကြုံနေ
DVB
·
August 13, 2022
အေးဂျင့်လိမ်လည်ခေါ်ဆောင်ခံရသည့် မြန်မာအမျိုးသမီးများ ဒူဘိုင်းတွင် အခက်အခဲကြုံနေ
Donate to DVB

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှာ အလုပ်သမားဥပဒေနဲ့အညီ လုပ်ခလစာခံ စားခွင့်ရမယ်လို့ မက်လုံးပေးပြီး မြန်မာနိုင်ငံက တရားမဝင်အေးဂျင့်တချို့က လိမ်လည်ခေါ်ဆောင်တာကြောင့် မြန်မာအမျိုးသမီးငယ်အများအပြား အိမ်အကူအလုပ်နဲ့ တခြားအခြေခံအလုပ်တွေကို လုပ်ကိုင်ဖို့ ဒူဘိုင်းကို ရောက်ရှိနေကြတယ်လို့  အလုပ်သမားအခွင့်အရေးလှုပ်ရှားတဲ့ LABOUR Rights Promoter  ဒုဥက္ကဋ္ဌ  စိုင်းယုမောင်က ပြောပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စားဝတ်နေရေးကျပ်တည်းလာတဲ့အတွက် မြန်မာလူငယ်တွေဟာ နည်းလမ်းပေါင်းစုံနဲ့ ပြည်ပထွက်ပြီး အလုပ်အကိုင်ရှာဖွေဖို့ကြိုးစားနေကြရာမှာ မြန်မာနဲ့ ဒူဘိုင်းက  တရားမဝင်အေဂျင်စီတွေဟာ မြန်မာအမျိုးသမီးတွေကို ကုန်ကျစရိတ် ငွေကျပ် ၁၂ သိန်းတောင်းခံပြီး ဒူဘိုင်းကိုခေါ်ဆောင်ခဲ့တာပါ။

အမျိုးသမီးတွေ အိမ်အကူအဖြစ်အလုပ်လုပ်ဖို့အတွက် မြန်မာတရားမဝင်အေးဂျင့်တွေက အလည်အပတ်ဗီဇာနဲ့ ဒူဘိုင်းကိုခေါ်ဆောင်ခဲ့ပြီး ဒူဘိုင်းက အေးဂျင့်တွေဆီ လက်လွှဲပေးခဲ့တယ်လို့ ဒူဘိုင်းရောက် မြန်မာအမျိုးသမီးငယ်တစ်ယောက်က ပြောပါတယ်။

ဒူဘိုင်းအေးဂျင့်တွေက သူတို့နိုင်ငံမှာ အလုပ်ရှာပေးလို့မရရင် အိုမန်နိုင်ငံကို ထပ်မံလွှဲပြောင်းပို့ဆောင်နေတာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။ 

ဒူဘိုင်းရောက်မြန်မာအမျိုးသမီးငယ်တစ်ယောက်က "ကုန်ပစ္စည်းတစ်ခုရောင်းစားသလိုမျိုးပေါ့နော်။ ဟိုကကြိုက်ရင် ခေါ်သွားတယ်ဝယ်သွားတယ်။ ခေါ်သွားရင်လိုက်သွားရတယ်။ ဟိုမှာကောင်းသည်ဆိုးသည် ညီမတို့ဘာမှမသိရဘူးပေါ့နော်။ ညီမကိုခေါ်သွားတုန်းကဆိုရင် အိမ်ရှင်မှာကလေး နှစ်ယောက်ရှိတယ် အဲ့လိုပဲပြောတာ။ ဟိုရောက်တော့မှ မိသားစုက ၆ ယောက် ကလေး ၂ ယောက်နဲ့ဆို ၈ ယောက် အိမ်က ၃ ထပ်၊ ပြီးတော့ Wifiကိုလည်း တနေ့ကို တစ်နာရီပဲပေးသုံးတာ။" လို့ ပြောပါတယ်။ 

အိမ်အကူအလုပ်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီးငယ်တွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှု တချို့ရှိနေပြီး လုပ်ခလစာ ၅ လစာအထိမပေးဘဲ ခိုင်းစေခံနေရသူတွေရှိနေတယ်လို့ LABOUR Rights Promoter ဒုဥက္ကဋ္ဌ  စိုင်းယုမောင်က ပြောပါတယ်။ 

တချို့အလုပ်ရှင်တွေက လုပ်အားခပေးချေပေမယ့် အေးဂျင့်တွေက ကြားကနေဖြတ်ယူပြီး အလုပ်သမားတွေကို လုပ်အားခမပေးတာတွေလည်းရှိနေပါတယ်။ တရားမဝင်အေဂျင်စီတွေက ဥပဒေနဲ့အညီ အလုပ်ရှင်၊ အလုပ်သမားသဘောတူစာချုပ် EC စာချုပ်လည်း ချုပ်ဆိုပေးထားတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

ဒူဘိုင်းရောက် မြန်မာအမျိုးသမီးငယ်တစ်ယောက်က "မြန်မာပြည်ကိုပြန်ဖို့အတွက် အဖွဲ့အစည်းတွေကို အကူအညီတောင်းထားဖူးတယ်။ လေယာဉ်လက်မှတ်က အစခက်ခဲတယ်လေ။ ဒါပေမဲ့ သူတို့လည်းမကူညီနိုင်ကြဘူး။" လို့ ပြောပါတယ်။

မြန်မာအမျိုးသမီးတွေဟာ အလည်အပတ်ဗီဇာနဲ့နေထိုင်နေရတာဖြစ်တဲ့အတွက် ပြည်ပမှာ ရေရှည်နေထိုင်ဖို့ အခွင့်အရေးမရှိပါဘူး။

မြန်မာနိုင်ငံကိုပြန်ဖို့ကြိုးစားတဲ့အမျိုးသမီးတွေကို အေးဂျင့်တွေကလျော်ကြေး ငွေကျပ်သိန်း ၈၀ တောင်းခံနေပြီး တချို့အမျိုးသမီးငယ်တွေဟာ ငွေကျပ်သိန်း ၁၂၀ အထိပေးပြီးမှ ပြန်ခွင့်ရခဲ့တယ်လို့ LABOUR Rights Promoter  ဒုဥက္ကဋ္ဌ  စိုင်းယုမောင်က ပြောပါတယ်။

သူတို့တောင်းတဲ့ ငွေကြေးကိုမပေးနိုင်ရင် မြန်မာအမျိုးသမီးတွေဟာ ဒူဘိုင်းမှာ သက်တမ်းလွန်နေထိုင်သူ (Over Stay) တွေဖြစ်သွားမှာဖြစ်ပြီး သက်တမ်းတိုးပေးနိုင်တာ သူတို့ပဲရှိတယ်ဆိုတဲ့အချက်နဲ့ အမျိုးသမီးတွေကို အေးဂျင့်တွေက ထိန်းချုပ်ထားပါတယ်။

ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေကြောင့် ထွက်ပြေးကြတဲ့အမျိုးသမီးတွေလည်းရှိနေပြီး စားဝတ်နေရေးခက်ခဲနေပါတယ်။

အမျိုးသမီးငယ်တစ်ယောက်က"ကြုံတွေ့ရတဲ့အခက်အခဲက နေစရာလည်းမရှိ စားစရာလည်းမရှိဘူးပေါ့။ ပြီးတော့ ပိုက်ဆံလည်းမရှိဘူး။ ရသမျှလစာလည်းသူတို့ကသိမ်းထားတာ။ Passport ၊ ဖုန်း၊ Luggage ၊ အဝတ်အစားတွေကအစ သူတို့သိမ်းထားတာ။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ထွက်ပြေးတာ။" လို့ ပြောပါတယ်။ 

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး  LABOUR Rights Promoter အဖွဲ့က International Organization for Migration(IOM) ၊ မြန်မာနိုင်ငံလူကုန်ကူးမှုနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အလုပ်သမားညွန်ကြားရေးဦးစီးဌာန၊ UNICEF ၊ ILO တို့ကို အသိပေးတိုင်ကြားထားပေမယ့် တုံ့ပြန်မှုမရှိသေးဘူးလို့ဆိုပါတယ်။

Photo- VisitDubai

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013