DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းအတွင်း မိုးခေါင်ပြီး သီးနှံထွက်နှုန်းနည်းသဖြင့် တောင်သူများ အရှုံးပေါ်
DVB
·
August 12, 2022
မကွေးတိုင်းအတွင်း မိုးခေါင်ပြီး သီးနှံထွက်နှုန်းနည်းသဖြင့် တောင်သူများ အရှုံးပေါ်
1 / 3
Donate to DVB

သီးနှံစျေးနှုန်းတွေ မြင့်တက်ပေမယ့်လည်း မိုးခေါင်ပြီး အထွက်နှုန်းနည်းပါးတာကြောင့် မကွေးတိုင်းအတွင်း မြေပဲ၊ နှမ်း စိုက်ပျိုးတဲ့ တောင်သူတွေ အရှုံးပေါ်နေတယ်လို့ ဒေသခံတောင်သူတွေနဲ့ ပွဲရုံလုပ်ငန်းရှင်တွေက ပြောပါတယ်။

အခုနှစ် စိုက်ပျိုးနှမ်းတွေ အပွင့်ပွင့်တဲ့အချိန်ကနေ သီးနှံပေါ်တဲ့အချိန်ထိ တလလောက် မိုးရွာသွန်းမှုမရှိတာကြောင့် မိုးရေမရရှိလို့ နှမ်းသီးနှံအထွက်နှုန်း တဝက်ကျော်လောက် ကျဆင်းခဲ့တယ်လို့ မကွေးမြို့နယ် ထုံးပေါက်တောကျေးရွာက ဒေသခံတောင်သူ တယောက်က DVB ကို ပြောပါတယ်။

“မိုးက ရွာတော့ရွာတယ်။ မိုးရေအလုံလောက်မရရှိတာ တကယ်လို့သာ အဲဒီကြားထဲမှာ မိုးရွာခဲ့မယ်ဆိုရင် တစ်ဧကကို ၁၀ တင်း၊ ၁၅ တင်းလောက် အသာလေးရတာပေါ့။ မိုးရေအလုံလောက်မရှိလို့ ၂ တင်းကနေ ၆ တင်းအထိပဲ ရရှိကြတယ်။  မြေပဲကတော့ စိုက်ပျိုးသူနည်းပါးသွားလို့ မြေပဲမျိုးစေ့အဆံ ၁ တင်းကို ၁ သိန်းကျပ်လောက်အထိ ဖြစ်သွားတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့တလလောက်က မိုးပြတ်သွားလို့ ထွက်တဲ့သူ နည်းပါးတယ်။” 

ဆောင်းသီးနှံကတော့ မိုးရွာသွန်းတာကြောင့် အဆင်ပြေပေမယ့် မြေသြဇာဈေးနှုန်း မြင့်တက်တာကြောင့် စိုက်ပျိုးစရိတ်နဲ့ မကာမိဘူးလို့ ဒေသခံတောင်သူက ဆက်ပြောပါတယ်။ 

“အရင်နှစ်က နှမ်းအဖြူ ၁ တင်းကို ၅၀,၀၀၀ ကျပ်အောက်သာရောင်းရပြီး အခုနှစ်မှာတော့ ၇၀,၀၀၀ ကျော် ရောင်းရတယ်။ အရင်နှစ်က နှမ်းအနက် ၁ တင်းကို ၆၀,၀၀၀ ကျပ်လောက်ကနေ အခုနှစ်မှာတော့ ၈၅,၀၀၀ ကျပ်ထိ ဖြစ်သွားတယ်။ ဒါပေမဲ့လည်း မြေသြဇာတို့၊ ဆေးရည်တို့ ဈေးနှုန်းမြင့်တက်လို့ မကာမိဘူးလို့ ပြောပါတယ်။ အရင်နှစ်က မြေသြဇာ ၁ အိတ်ကို ၅၀,၀၀၀ ကျပ်သာ ရှိပေမယ့် အခုနှစ်မှာတော့ ၁၀၀,၀၀၀ ကျော်တယ်။ ပုလဲ၊ ယူရီးယားဓာတ်မြေသြဇာ ဆိုရင်လည်း မနှစ်က ကျပ် ၃၀,၀၀၀ မကျော်ဘူး။ အခုနှစ်မှာတော့ ၉၅,၀၀၀၊ ၉၈,၀၀၀ ကျပ်အထိ ဖြစ်သွားတယ။ ကွေးတနယ်လုံးမှာ သီးနှံအထွက်နှုန်းကျဆင်းပြီး အထွက်နှုန်းကောင်းမွန်တဲ့ နေရာကတော့ နည်းနည်းပဲ ရှိတယ်။ ဒီဘက်တွေကတော့ အေးအေးဆေးစိုက်ပျိုးလို့ရပေမယ့် ရာသီဥတုကြောင့် အထွက်နှုန်း ကျဆင်းသလို တိုက်ပွဲတွေ ဖြစ်ပွားတဲ့နေရာတွေမှာတော့ ပိုဆိုးမှာပေါ့” လို့ ဆိုပါတယ်။

ပေါက်မြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် စစ်ဘေးရှောင်ရင်း အလျဉ်းသင့်သလို စိုက်ပျိုးနေရတယ်လို့ ကင်းမကျေးရွာက ဒေသခံတောင်သူ တယောက်က ပြောပါတယ်။ 

“ကျနော်တို့ဆီမှာတော့ စစ်ကြောင်းထိုးလာတဲ့အချိန် ပြေးရ ရှောင်ရပြီး သူတို့ပြန်တဲ့အချိန်မှာတော့ အခွင့်သာရင် သာသလို လုပ်ရတာပေါ့။ ဆီဈေးတွေကလည်းတက် မိုးကလည်းခေါင်တော့ အေးချမ်းတုန်းကလောက်တော့ ဘယ်အဆင်ပြေမှာလဲ။ ကျနော်တို့ ကင်းမရွာဘက်ကို စစ်ကြောင်းက တလတခါ၊ နှစ်လတခါလောက် ထိုးတာဆိုတော့ အခက်အခဲတော့ သိပ်မရှိသေးဘူး။ ခုနေအချိန်တော့ လုပ်ခွင့်ရနေသေးတယ်။ စစ်ကြောင်းက အမြဲတမ်း ဆက်တိုက်မပြတ်ကြီး ထိုးမယ်ဆိုရင်တော့ ကျနော်တို့ စိုက်ပျိုးလို့ရမှာမဟုတ်ဘူး။”

စစ်ကောင်စီတပ်တွေရဲ့ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံထားရတဲ့ ကင်းမရွာအနေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလည်း မလုပ်နိုင်သေးတာကြောင့် အခက်အခဲတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ကင်းမသူ၊ ကင်းမသားတွေကတော့ ပေါက်မြို့ပေါ်ကို သွားပြီးတော့လည်း စျေးသွားမဝယ်ရဲကြဘူး။ ဒီနေ့အချိန်ထိလည်း ရွာထဲကို ပြန်မဝင်ရဲကြသေးဘူး။ တောထဲမှာပဲ နေကြရတယ်။ တောထဲမှာနေတာက သူတို့စစ်ကြောင်းထိုးလာရင် ခြေတလှမ်းသာတယ်။ ပြေးလို့ ရှောင်တိမ်းလို့လည်း လွယ်ကူလို့ တောထဲမှာပဲနေကြတယ်” လို့ ကင်းမကျေးရွာက ဒေသခံတောင်သူ ပြောပါတယ်။

မကွေးမြို့ သီးနှံပွဲရုံလုပ်ငန်းရှင်တဦးကလည်း သီးနှံအထွက်နှုန်းက မနှစ်ကနဲ့စာရင် အထွက်နှုန်းနည်းနည်း လျော့နည်းတယ်လို့ ပြောပါတယ်။

“ဆောင်းသီးနှံကတော့ စိုက်တုန်းပဲ ရှိသေးတဲ့ မိုးသီးနှံကတော့ တချို့ဒေသတွေမှာတော့ အထွက်နှုန်းကောင်းပေမယ့် တချို့ဒေသတွေမှာ အထွက်နှုန်းတွေ လျော့တယ်လို့ အသံလေးတွေ ထွက်တယ်။ စမုံနက် နှမ်းတစ်တင်ကိုတော့ နှမ်းကွာလတီကိုလိုက်ပြီး ၈၀,၀၀၀ ကျပ်ကနေ ၈၅,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိတယ်။ မြေပဲဆံ တပိဿာကို ၆,၀၀၀ ကျပ်ကနေ ၆,၂၀၀ ကျပ်အထိ ပေါက်ဈေးရှိလို့ မြေပဲဈေးလည်း ကောင်းမွန်တယ်။ တချို့ဒေသတွေမှာတော့ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေလို့ မြေယာတွေ စွန့်ခွာပြီး စစ်ဘေးရှောင်နေရလို့ မစိုက်ပျိုးနိုင်ကြဘူး။”

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့အထိ နိုင်ငံတဝန်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ဦးရေ ၇၈၃,၄၀၀ ရှိတယ်လို့ UN OCHA Myanmar က ဇူလိုင်လ ၂၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013