DVB Logo
Home
မြန်မာသတင်း
ဘုတလင်မြို့နယ် ဇီးတောစံပြကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့
DVB
·
August 12, 2022
ဘုတလင်မြို့နယ် ဇီးတောစံပြကျေးရွာကို စစ်ကောင်စီတပ်က  မီးရှို့
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဇီးတောစံပြကျေးရွာကို စစ်ကောင်စီတပ်က ဩဂုတ် ၁၂ ရက် မနက် ၄ နာရီလောက်က မီးရှို့ခဲ့တာကြောင့် နေအိမ် ၄၀ လောက် ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိမ်ခြေ ၅၀၀ လောက်ရှိတဲ့ ဇီးတောစံပြကျေးရွာဟာ မုံရွာ-ဘုတလင်သွား ကားလမ်းဘေးမှာ ရှိပြီး စစ်ကောင်စီတပ်က အင်အား ၈၀ ကျော်နဲ့ လာရောက်မီးရှို့ခဲ့ကြတာပါ။

ဒေသခံအမျိုးသမီးတဦးက “မနေ့က အလုံမြို့ ကြီးဗတုံရွာကနေ ကျမတို့ရွာကို ဝင်ပြီး တပ်စွဲတယ်။ ဒီနေ့ ပြန်ထွက်တော့ အခုလို ရွာကို မီးရှို့သွားတယ်။ ရွာတောင်ဘက်မှာ တိုးဂိတ်ကနေ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက လာလာပြီး သူတို့ကို မိုင်းဆွဲလို့ အခုလို မီးရှို့တာ ဖြစ်နိုင်တယ်။ အခု အိမ်ခြေ ၄၀ ကျော် မီးလောင်တယ်” လို့ ပြောပါတယ်။

ဇီးတောစံပြကျေးရွာဟာ စစ်ကောင်စီတပ် အခြေစိုက်စခန်းဖြစ်တဲ့ နမခဌာနချုပ်နဲ့ အနီးဆုံး ကျေးရွာတရွာလည်း ဖြစ်ပါတယ်။

သြဂုတ် ၁၁ ရက် ညပိုင်းကလည်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာမ (ဒေသခေါ် ပျူစောထီးရွာ) မှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက အနီးဝန်းကျင်ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ရွာသားတွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ ဘန့်ဘွေးရွာမအတွင်းမှာ သောက်စားပြီးတိုင်း ဘေးပတ်ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ အရင်ရက်တွေကလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလိုပစ်ခတ်မှုတွေကြောင့် အေးချမ်းစွာနေထိုင်နေကြတဲ့ ပြည်သူတွေဟာ လက်နက်ကြီး ထိမှန်ခံရမှာ ကြောက်တာကြောင့် နေအိမ်တွေမှာ မနေရဲကြဘဲ ထွက်ပြေးခဲ့ကြရသလို လူမရှိတဲ့ နေအိမ်တွေက အိမ်မွေးတိရစ္ဆာန်တွေကို အဲဒီ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက ခိုးယူစားသောက်တာ၊ သူတို့လိုချင်တဲ့ ပစ္စည်းတွေကိုလည်း ခိုးယူတာတွေ လုပ်ဆောင်နေကြတာလို့ ဒေသခံတဦးက ပြောပါတယ်။

ဘန့်ဘွေးရွာမဟာ မုံရွာ-ယာကြီး-ကလေးဝ လမ်းမကြီးဘေးမှာ တည်ရှိပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ တပ်စွဲနေထိုင်လာတာ ၆ လ ဝန်းကျင် ရှိနေပြီဖြစ်ကာ ခရီးသွားပြည်သူတွေကို ဖမ်းဆီးငွေတောင်းတာ၊ အနီးတဝိုက်မှာရှိတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ ပြည်သူတွေရဲ့ပစ္စည်းတွေ ခိုးယူတာတွေ လုပ်ဆောင်လေ့ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ယင်းမာပင်မြို့တွင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကလည်း သြဂုတ် ၁၀ ရက် ညပိုင်းက တခြားကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ပြောင်းပြာ ကျေးရွာက ဒေသခံအမျိုးသမီး ၂ ဦး အပါအဝင် အိမ်မွေးတိရစ္ဆာန်တွေလည်း လက်နက်ကြီးစ ထိမှန်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး သြဂုတ် ၁၁ ရက် ညနေပိုင်းကလည်း ရင်ပေါင်တိုင်ကျေးရွာ အပါအဝင် တခြားကျေးရွာတချို့ကို စစ်ကောင်စီတပ်က ရဟတ်ယာဥ်တွေ အသုံးပြုပြီး ပစ်ခတ်ခဲ့လို့ ပြည်သူတချို့ သေဆုံးခဲ့ပေမဲ့ အရေအတွက် အတိအကျ မသိရသေးသလို ဖမ်းဆီးခံထားရသူတွေလည်း ရှိနေပြီး ဒေသခံအများအပြားလည်း ထွက်ပြေးနေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013