Home
မြန်မာသတင်း
မောင်တောမြောက်ပိုင်းတွင် ဆုတ်ခွာသွားသည့် နယ်ခြားစောင့်စခန်း ၇ ခုအထိရှိ​ဟု အေအေ ပြော
DVB
·
August 12, 2022

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်စခန်းငယ် ၇ ခု ဆုတ်ခွာသွားတယ်လို့  ရက္ခိုင့်တပ်တော် (အေအေ) ပြောခွင့်ရ ဦးခိုင်သုခက သြဂုတ် ၁၁ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

နောက်ဆုတ်သွားတဲ့ စခန်းတွေထဲမှာ နန်းရာကိုင်း၊ နွားရုံတောင်၊ ကြက်ရိုးပြင် စတဲ့ကျေးရွာတွေက စခန်းတွေအပြင် နယ်ခြားမှတ်တိုင်အမှတ် ၄၀ နယ်ခြားစောင့်စခန်းနဲ့ တခြား နယ်ခြားစောင့်စခန်းငယ်တွေပါ ပါဝင်တယ်လို့ သိရပါတယ်။

အေအေပြောခွင့်ရသူ ခိုင်သုခက “မောင်တောမြောက်ပိုင်းမှာ တိုက်ပွဲ တောက်လျှောက်ဖြစ်နေတယ်။ မြန်မာစစ်တပ်ဘက်က ဆုတ်ပေးလိုက်ရတဲ့ စခန်းငယ် ၇ ခုအထိ ရှိတယ်။ သိမ်းပိုက်တာတော့ မဟုတ်ဘူး။”လို့ပြောပါတယ်။

နယ်ခြားမှတ်တိုင်အမှတ် ၄၀ နယ်ခြားစောင့်စခန်းကို သြဂုတ် ၂ ရက် မနက် ၉ နာရီက အေအေဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့သလို ညနေပိုင်းမှာ နယ်ခြားမှတ်တိုင်အမှတ် ၄၂ နဲ့ ၄၃ ကြား စခန်းတွေကိုပါ တိုက်ခိုက်ခဲ့ပြီး နန်ရာကိုင်း ကျေးရွာရှိ နယ်ခြားစောင့်စခန်းကိုတော့ သြဂုတ် ၅ ရက် ညပိုင်းမှာ အေအေဘက်က မီးရှို့ခဲ့ကြကြောင်း ဒေသခံတွေထံက သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီအနေနဲ့ မတရားမှုတွေကို ဆက်တိုက်ကျူးလွန်နေပြီး ဆက်လက်လုပ်ဆောင်မယ်ဆိုပါက ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော် တို့အကြား တကျော့ပြန် တိုက်ပွဲတွေဖြစ်လာ နိုင်တယ်လို့ ဦးခိုင်သုခက ပြောကြားပါတယ်။

“စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်းမှာ ကုန်စည်စီးဆင်းမှုတွေ နှောင့်နှေးအောင်လုပ်တာတွေ၊ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးတာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတယ်။ လက်နက်အားကိုးနဲ့ ပြည်သူကိုအနိုင်ကျင့်၊ ဖိအားပေးနေတာတွေ တွေ့ရတယ်။ လူမဆန်တဲ့ လုပ်ရပ်တွေ ဆက်တိုက်လုပ်ကိုင်နေတာတွေကို တွေရတယ်။ စစ်ကောင်စီ အနေနဲ့ ဒီလိုမတရားမှုတွေကို ဆက်လုပ်နေမယ်ဆိုရင် တကျော့ပြန်တိုက်ခိုက်မှုတွေ ပြန်ဖြစ်လာနိုင်တယ်။”

ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်တွေဖြစ်တဲ့ သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူမြို့နယ်နဲ့ မာန်အောင်မြို့နယ်တွေမှာ စစ်ကောင်စီက ဇူလိုင်လကတည်းက အေအေနဲ့ ဆက်နွှယ်သူတွေကို လိုက်လံဖမ်းဆီးနေတာ မာန်အောင်မြို့နယ်မှာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ရက္ခိုင်တပ်တော်တို့အကြား နေ့တိုင်းဆိုသလို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့လည်း အေအေက ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင်တပ်တော်(အေအေ) အကြားစစ်ရေးတင်းမာနေချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အေအေက ဖမ်းဆီးတာရှိနေသလို စစ်ကောင်စီကလည်း အရပ်သားတွေကိုဖမ်းဆီးကာ တရားစွဲဆိုနေတာတွေရှိနေပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်းမှာ အေအေအခြေစိုက် လက်ပံတောင်ကြောကို စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်လာနေလို့ တိုက်ပွဲငယ်တွေ ရက်ဆက်ဖြစ်ပွားနေတာလို့ ဒေသခံ သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ဓါတ်ပုံ=မောင်တောမြို့နယ်မြောက်ပိုင်း မှာ နောက်ဆုတ်သွားသည့် နန်းနာကိုင်းနယ်ခြားစောင့်စခန်းအားတွေ့ရစဥ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024