DVB Logo
Home
မြန်မာသတင်း
အလယ်သံကျော် နယ်ခြားစောင့်တပ်စခန်းကို AA သိမ်းပိုက်၊ ရေဦး၌ စစ်ကောင်စီတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ
DVB
·
June 13, 2024
အလယ်သံကျော် နယ်ခြားစောင့်တပ်စခန်းကို AA သိမ်းပိုက်၊ ရေဦး၌ စစ်ကောင်စီတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ အလယ်သံကျော် နယ်ခြားစောင့်တပ်စခန်းကို အာရက္ခတပ်တော် (AA) က  ဇွန် ၁၂ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မောင်တော အလယ်သံကျော် နယ်ခြားစောင့်တပ်စခန်းကို မနေ့ညမှာ အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်တွေဘက်ကလည်း လေကြောင်းက တညလုံး တိုက်ခိုက်ခဲ့တယ်လို့ မောင်တောဒေသခံတဦးက ပြောပါတယ်။

“အလယ်သံကျော်စခန်းက မနေ့ကညမှာ ကျသွားတာဖြစ်တယ်။ ဒီစခန်းက မောင်တောမြို့နယ်မှာ စစ်ကောင်စီရဲ့ ထောက်ပို့လမ်းကြောင်းအရ အရမ်းအရေးပါတယ် ပြောရမယ်။ အင်အားလည်း များပြီးတော့ တပ်ဖွဲ့ဝင် ၃၀၀ လောက်အထိတောင် ရှိတယ်။ အဓိကတော့ AA ရဲ့ ထိုးစစ်တွေကို မခုခံနိုင်တာကြောင့် ကျသွားတာဖြစ်တယ်။ စစ်ကောင်စီကတော့ တညလုံး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်။”

မောင်တောမြို့နယ်မှာ စစ်ကောင်စီရဲ့ နယ်ခြားစောင့်ရဲတပ်ရင်း ၈ ခုရှိတဲ့အထဲက နယ်ခြားစောင့်ရဲတပ်ရင်း ၂ ခုနဲ့ စခန်းငယ်တချို့သာ ကျန်ရှိတော့ပြီး AA ကလည်း မြို့နယ်တခုလုံးကို သိမ်းပိုက်နိုင်ဖို့ အပြင်းအထန် ထိုးစစ်ဆင်နေပါတယ်။

ဇွန် ၁၃ ရက် ဒီမနက်မှာလည်း မောင်တောအခြေစိုက် နခခ ၅ ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဗောဓိကုန်းကျေးရွာက ကျေးရွာသား ၂ ဦး ထိခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောမြို့နယ်မှာ ကျန်ရှိနေသေးတဲ့ တပ်စခန်းအားလုံး ထိုးစစ်ဆင် တိုက်ခိုက်မှာဖြစ်ပြီး အသက်မသေလိုပါက အမြန်ဆုံးလက်နက်ချဖို့ AA က သတိပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲကာလ ၇ လအတွင်း အာရက္ခတပ်တော်က မြို့နယ် ၁၀ ခုအထိ သိမ်းပိုက်ထားပြီး မောင်တော၊ သံတွဲနဲ့ အမ်းမြို့နယ်တို့ကိုလည်း အပြင်းအထန် ထိုးစစ်ဆင်နေပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့ပေါ်မှာ စစ်ကောင်စီအခြေပြု တပ်စွဲထားရာ ရေဦးတိုင်းရင်းဆေးရုံနဲ့ ရေဦးမြို့ပေါ် ဂါဝီဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်က ဇွန် ၁၃ ရက် မွန်းလွဲ ၁၂ နာရီက ဒရုန်းယာဉ်အသုံးပြု ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို ရွှေဘိုခရိုင် တပ်ရင်း ၁၄  တပ်ရင်းမှူး ကိုဇွဲက ပြောပါတယ်။

“ကျနော်တို့ ဒီနေ့မှာ စစ်ကောင်စီအထိုင်စခန်းနဲ့ စစ်ဆေးရေးဂိတ်ကို ဒရုန်းယာဉ် ၃ စီးသုံးပြီး ဗုံးသီးချတာ ပြုလုပ်ခဲ့တယ်ဗျ။ တိုင်းရင်းဆေးရုံမှာတော့ စစ်သားတွေ အစည်းအဝေး လုပ်နေတယ်ဆိုတဲ့ အတွင်းသတင်းရလို့ အစည်းအဝေးခန်းမဆီကို ဗုံးသီး ၃ လုံး ကြဲချခဲ့တယ်။ အဲဒီနေရာကတော့ စစ်‌ေ–း အသေအဆုံးတော့ ရှိနိုင်တယ်ဗျ။ အတိအကျ သတင်းရဖို့ စုံစမ်းနေဆဲပါ။ နောက်တနေရာကတော့ ရေဦးမြို့ ဂါဝီစစ်ဆေးရေးဂိတ်ကို ဗုံးသီး ၃ လုံး ထပ်ကြဲချခဲ့တယ်ဗျ။ အဲဒီနေရာမှာကတော့ BE တပ်က စစ်သားတဦးရယ်၊ ပျူစောထီးတဦးရယ် စုစုပေါင်း ၂ ဦး ဒဏ်ရာရထားတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူး” လို့ DVB ကို ပြောပါတယ်။

ရွှေဘိုခရိုင်တပ်ရင်း ၁၄ အနေနဲ့ ရေဦးမြို့ပေါ်က စစ်ကောင်စီ အထိုင်စခန်းတွေကို ဇွန် ၁၁ ရက်ကလည်း အခုလို Fixed Wing Drone တွေအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013