DVB Logo
Home
မြန်မာသတင်း
မိုင်းဖုန်းဆရာတော်ဘုရားကြီး နာမကျန်း၍ ဘန်ကောက်သို့ ဆေးကုသရန် ကြွချီ
DVB
·
August 11, 2022
မိုင်းဖုန်းဆရာတော်ဘုရားကြီး နာမကျန်း၍ ဘန်ကောက်သို့ ဆေးကုသရန် ကြွချီ
Donate to DVB

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာအုပ်စု လွန်းလိန်းကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏသံဝရ (မိုင်းဖုန်းဆရာတော်ကြီး) ဟာ မိုင်းကျက်ဂူထဲမှာ ၃ နှစ် ၃ လ ၃ ရက်တိတိ တရားကျင့်ကြံအားထုတ်ပြီးလို့ ဂူထဲက ပြန်ထွက်လာတဲ့နောက် နာမကျန်းဖြစ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဆေးကုသနေရပါတယ်။

ဆရာတော်ဟာ ဩဂုတ် ၈ ရက်က မိုင်းဖုန်းကျောင်းတိုက်ကို ပြန်ရောက်ပြီးနောက် ဒကာတွေက ဆရာဝန်ပင့်ပြီး ကျန်းမာရေးဆေးစစ်ရာမှာ ကျန်းမာရေးချို့ယွင်းမှုရှိလို့ မနေ့ ဩဂုတ် ၁၀ ရက်မှာပဲ ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားမှတဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ခဲ့ကြောင်း၊ အဲဒီနောက် စင်းလုံးငှားလေယာဉ်နဲ့ ဘန်ကောက်မြို့သို့ ဆေးကုသဖို့ ထွက်ခွာသွားပြီလို့ ဆရာတော် တည်ထောင်ခဲ့တဲ့ ဝိန်းကျောက်ဖောင်ဒေးရှင်းက ဒီကနေ့ ဩဂုတ် ၁၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ဆရာတော်ဟာ ဩဂုတ် ၁ ရက်နေ့မှာ ဂူကထွက်ပြီးတဲ့နောက် မိုင်းဖုန်းသို့ ချက်ချင်းပြန်မကြွဘဲ မိုင်းကျက်၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပန်၊ မိုးနဲ၊ လင်းခေး၊ ကျိုင်းတောင်း၊ နမ့်စန် အစရှိတဲ့ မြို့နယ်တွေမှာ အပူဇော်ခံ တရားဟောပြီး ခရီးပန်းတာတွေရော၊ အစားအသောက်မမှန်၊ အိပ်ချိန်မမှန်တာတွေကြောင့် နေမကောင်းဖြစ်ကာ ဆေးကုနေရတာလို့ ဆရာတော်ရဲ့ သားတပည့်ဖြစ်သူ အရှင်ဉာဏသီရိက ဒီဗွီဘီကို မိန့်ပါတယ်။

“ဆရာတော်က ဂူထဲက ထွက်လာလာချင်း လုံးဝမနားဘူး။ ဂူထွက်တဲ့နေ့မှာပဲ ကြာချိန် ၆ နာရီနဲ့ မိနစ် ၂၀ တိတိ တရားဟောတယ်။ မိုင်းဖုန်းကို ပြန်လာတော့ လမ်းခရီးတလျှောက် မြို့ရွာတွေမှာ အခမ်းအနားနဲ့ စောင့်ကြိုနေတဲ့ လူတွေကို အပူဇော်ခံတယ်၊ တရားဟောတယ်။ မိုင်းတုံမြို့နယ် နရေးဆွန် (ဗြဲနရစ်) စေတီထီးတင်ပွဲကို ဆရာတော်ရဲ့ အယူအဆအရ ညသန်းခေါင်ကျော်မှ စိန်ဖူးတော်တင်တယ်။ ဘာသာရေးဆိုင်ရာ အခမ်းအနားတွေပါ ဆက်လုပ်ပြီး မနက် ၃ နာရီမှ ကျိန်းရတယ်။ လာရတဲ့ခရီးလမ်းက ကြမ်းပြီး အအိပ်အစားမမှန်၊ ပင်လည်းပင်ပန်းတော့ နေမကောင်းဖြစ်တာပေါ့။”

ဆရာတော်ကြီးမှာ ပင်ပန်းတဲ့အတွက် ဩဂုတ် ၆ ရက်ကစ ဝစီပိတ်နေပြီး တရားဟောရင်လည်း လက်ဟန်ခြေဟန်နဲ့သာ ဟောကြောင်း၊ အဓိပ္ပာယ်ကို သားတပည့် သံဃာတွေက ရှမ်းဘာသာနဲ့ ပြန်လည်ရှင်းပြပေးပေမဲ့ တရားအဓိပ္ပာယ် နားမလည်သူတွေ၊ ဓာတ်ပုံသာ တွေ့မြင်သူတချို့က အထင်မြင်လွဲကာ လူမှုကွန်ရက်ပေါ်မှာ ဝေဖန်တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆရာတော်က လာရောက်ဖူးမြော်သူတချို့ကို တောင်ဝှေးနဲ့ရွယ်တာ၊ လူကြားထဲ ရုတ်တရက် ထပြေးတာ စတဲ့ လူမှုကွန်ရက်မှာပြန့်နေတဲ့ ဗွီဒီယိုကလစ်တွေနဲ့ ပတ်သက်ပြီး လူ့ခန္ဓာ ဓာတ်သဘောသဘာဝအရ မကျန်းမာရင် သမာဓိမထိန်းနိုင်တော့ဘဲ ကိုယ်နဲ့စိတ် လွတ်သွားတဲ့သဘောပင် ဖြစ်ကြောင်း၊ ဆရာတော်ကြီးမှာ ဆိတ်ငြိမ်တဲ့ဂူထဲ တပါးတည်း ၃ နှစ်ကျော် နေလာရာက ပြင်ပမှာ ရုတ်တရက် သိန်းနဲ့ချီတဲ့လူတွေနဲ့ ထိတွေ့ မြင်တွေ့ရတော့ စိတ်လှုပ်ရှားလွန်သွားတဲ့ သဘောမို့ ဆေးကုသမှု ခံယူပြီးတဲ့အခါ အားလုံး ပုံမှန်ပြန်ကောင်းမွန်လာပါလိမ့်မယ်လို့ ဆိုပါတယ်။

ဆရာတော်ဘုရား အမြန်နေကောင်းကျန်းမာစေဖို့ ဒီကနေ့မနက် မိုင်းဖုန်းကျေးရွာ လွန်းလိန်း ကျောင်းတိုက်မှာ သံဃာနဲ့ ပြည်သူတွေက ကံဇာတာဆက်ဆုတောင်းပွဲ ကျင်းပခဲ့ပြီး ဒီညပိုင်းမှာလည်း မီးထွန်းဆုတောင်းခြင်းတွေ ပြုလုပ်ဖို့ရှိတယ်လို့ အရှင်ဉာဏသီရိက ဒီဗွီဘီကို မိန့်ကြားသွားပါတယ်။မိုင်းဖုန်းဆရာတော် ဘန်ကောက်မှာ ကြွရောက်ဆေးကုသခံနေရတဲ့ အကြောင်းကို ထိုင်းသတင်းဌာန အသီးသီးမှာလည်း ဖော်ပြနေကြပြီး ချန်နယ်လ် ၇၊ Ch7HD News တီဗွီသတင်းမှာတော့ ဆရာတော် နာမကျန်းတဲ့သတင်း ဒဿမမြောက်ထိုင်းဘုရင်ကြီး သိရှိသွားတဲ့အတွက် လူနာရှင်ဒကာအဖြစ် ခံယူကာ ဆေးကုသ ကုန်ကျစရိတ်အလုံးစုံကို ဆက်ကပ်လှူဒါန်းမှာဖြစ်တယ်လို့ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013