DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ် ရေထွက်ရွာကို စစ်တပ်က မီးရှို့၊ စစ်ရှောင်ပြည်သူများ အရေးပေါ် အကူအညီ လိုအပ်နေ
DVB
·
August 11, 2022
ပေါက်မြို့နယ် ရေထွက်ရွာကို စစ်တပ်က မီးရှို့၊ စစ်ရှောင်ပြည်သူများ အရေးပေါ် အကူအညီ လိုအပ်နေ
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေထွက်ကျေးရွာကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေက သြဂုတ် ၁၀ ရက် ညမှာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြပြီး မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ် ကျေးရွာတွေက စစ်ဘေးရှောင်ပြည်တွေ အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ ၇၊ တပ်ရင်း ၇၀၈ ရဲ့ တာဝန်ခံ ကိုတေဇက “မြိုင်မြို့နယ် တွင်းမရွာက စစ်(...) တွေနဲ့ ပျူ(...) တွေ အထိုင်ချထားတဲ့ စခန်းကို PDF တွေက တိုက်ခိုက်ခဲ့လို့ အထိနာပြီးတော့ PDF တွေ ပြန်ဆုတ်သွားမယ်ထင်တဲ့ လမ်းကြောင်းတွေကို စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို တရွာဝင်တရွာထွက် လိုက်လံမီးရှို့ ဖျက်ဆီးနေကြတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

တွင်းမရွာဘက်ကနေစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ မြိုင်မြို့နယ် သရက်ကန်ရွာက ပျူစောထီးတွေဟာ သြဂုတ် ၁၀ ရက် ည ၁၀ နာရီလောက်မှာ ပေါက်မြို့နယ် ရေထွက်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ကာ ၃ နေရာလောက်ခွဲပြီး ရွာလုံးကျွတ် ပြာကျအောင် မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

“ရေထွက်ရွာက အိမ်ခြေ ၁၀၀ ဝန်းကျင်လောက်ပဲ ရှိတာဗျ။ အိမ်တွေက ကပ်နေတော့ တရွာလုံးနီးပါး ကုန်မှာပါ။ ကျနော်တို့ဆီက ရဲဘော်တွေ ရေထွက်ရွာက ထွက်ပြေးလာတဲ့ သက်ကြီးရွယ်အို ၇ ယောက်လောက်ကို ထမ်းပိုးပြီး ကယ်ထုတ်ခဲ့ရသလို ထွက်ပြေးရင်း လှည်းမှောက်လို့ ဒဏ်ရာရသူတွေကိုလည်း ကယ်ထုတ်ခဲ့ရတယ်။ ရွာထဲက မိဘပြည်သူတွေကိုလည်း ညဘက်ကြီးကို သက်စွန့်ဆံဖျား သွားရောက်ကယ်ထုတ်ခဲ့ရတယ်” လို့ ကိုတေဇက ပြောပါတယ်။

ပေါက်မြို့နယ် အရှေ့တောင်ပိုင်းနဲ့ မြိုင်မြို့နယ်အစပ်က ဒေသခံပြည်သူ ၁,၀၀၀ လောက် စစ်ဘေးရှောင်နေကြရပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာတွေ စီစဥ်ပေးထားပေမဲ့ နောက် ၂ ရက်လောက်ဆိုရင် ဆန်ကုန်တော့မှာဖြစ်လို့ ရေရှည်တောင့်ခံနိုင်ဖို့ မလွယ်ကူဘူးလို့လည်း ဆိုပါတယ်။

“ဒေသခံတွေဟာ ကိုယ်ဝတ်ကိုယ်ထည်နဲ့ ပြေးလာကြလို့ အဝတ်အစားနဲ့ စောင်တွေ လိုအပ်တယ်။ မိုးတွင်းကာလဖြစ်လို့ ရာသီဥတုအေးတဲ့အတွက် မိုးကာအင်္ကျီနဲ့ စောင်တွေ အဓိကလိုအပ်တယ်။ ကျန်းမာရေးအတွက်ကတော့ ကျနော်တို့တပ်ရင်းက ဆရာ ဆရာမတွေက စောင့်ရှောက်ပေးထားတယ်။”

အဲဒီ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ သြဂုတ် ၉ ရက်နေ့မှာလည်း သာစည်ရွာက နေအိမ် ၁၁ လုံးနဲ့ သစ်ပုလွေရွာက နေအိမ် ၁၃ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြသေးတယ်လို့ ကိုတေဇက ပြောပါတယ်။

ရေထွက်ကျေးရွာမှ စစ်ဘေးရှောင်ပြည်သူတယောက်က “ကျနော်တို့ရွာကို သြဂုတ်လ ၁၀ ရက် ညမှာ စစ်(...)တွေ စစ်ကြောင်းထိုးလာလို့ ဘေးလွတ်ရာကို ထွက်ပြေးကြရတယ်။ ပြေးရတာ ဒုက္ခများတာပေါ့။ သက်ကြီးရွယ်ကိုတွေ၊ ကလေးငယ်တွေကို ထမ်းပြေးသူကပြေး၊ လှည်းနဲ့ပြေးတဲ့သူတွေလည်း လှည်းမှောက်လို့ လက်ကျိုးတဲ့သူ၊ ဒဏ်ရာရသူတွေရှိတယ်။ စစ်(...)တွေက မနိုင် နိုင်ရာခဲတဲ့ သဘောပါဗျာ။ တွင်းမရွာကို ဘယ်ကဝင်တိုက်သွားမှန်းမသိ တိုက်သွားလို့ အနီးနားကရွာတွေကို နှိပ်စက်ချင်တိုင်း နှိပ်စက်တော့တာဗျ။ ရေထွက်ရွာက အိမ်ခြေ ၉၀/၁၀၀ ဝန်းကျင်လောက်ပဲရှိပြီး တရွာလုံးကုန်တော့တာ” လို့ ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ တကွဲတပြားစီ ဖြစ်နေသလို စားနပ်ရိက္ခာ၊ အဝတ်အစားနဲ့ ခြုံစောင်တွေ အဓိက လိုအပ်နေပြီး မြိုင်မြို့နယ် သူစည်ရွာဘက်မှာ ပြည်သူ လေးငါးယောက်လောက် ပျောက်နေကာ ရေထွက်ရွာက ဒေသခံ ၆ ယောက်လောက်ကို စစ်တပ်က ဖမ်းမိသွားတယ်လို့ သိရပေမဲ့ အတိအကျ မ‌ပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

“နေရေးထိုင်ရေးကတော့ တောတွေထဲက သစ်ပင်အောက်တွေ၊ ချောက်ကြိုချောက်ကြားတွေမှာ နေထိုင်ကြရသလို တချို့ကတော့ အနီးနားရွာတွေက ဘုန်းကြီးကျောင်းတွေ၊ ဆွေမျိုးတွေ၊ အပေါင်းအသင်းတွေဆီမှာ ခိုကပ်ပြီး နေကြရတယ်။ ထမင်းစားရတဲ့သူတွေရှိသလို ထမင်းနပ်မှန်အောင် မစားရသူတွေလည်း ရှိနေတယ်။ အပြစ်မဲ့ပြည်သူတွေကို ဒီလိုမျိုးတော့ မစော်ကားသင့်ဘူး။ သူတို့အတိုက်ခံရရင် တိုက်တဲ့သူကို လိုက်တိုက်ကြပေါ့။ ခုတော့ အဘိုး၊ အဘွား၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးသူငယ်ကအစ ဒုက္ခအကြီးအကျယ် ရောက်တယ်ဗျ။ ရာသီဥတုကလည်း အရမ်းအေးတယ်။ ဘေးက အကူအညီတွေ ရမယ်ဆိုရင်လည်း ဝမ်းသာရပြီး စားနပ်ရိက္ခာနဲ့ ခြုံစောင်တွေ အဓိကလိုအပ်နေတာ” လို့ ရေထွက်ကျေးရွာက စစ်ရှောင်ပြည်သူတဦးက ပြောပါတယ်။

မကွေးတိုင်းအတွင်းက ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စိုးမိုးထိန်းချုပ်နယ်မြေတွေ များပြားလာလို့ အင်အားအလုံးအရင်း အသုံးပြုပြီး ထိုးစစ်ဆင်ကာ ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာသလို ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ မေ ၃၁ ရက်အထိ မကွေးတိုင်းအတွင်းမှာ အိမ်ခြေ ၃,၀၅၅ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၁၈,၈၈၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ဇွန် ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013