DVB Logo
Home
Lead Story
အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို ကျောခိုင်းရမယ့် အချိန်ရောက်နေပါပြီ
DVB
·
August 11, 2022
အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို ကျောခိုင်းရမယ့် အချိန်ရောက်နေပါပြီ
Donate to DVB

လူထုသူရဲကောင်းတွေဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို ကွပ်မျက်လိုက်တာဟာ သက်ရှင်ရပ်တည်ရေးဆိုတဲ့ လူသားတွေရဲ့ အခြေခံအခွင့်အရေးအပေါ် မထီမဲ့မြင်ပြုလိုက်တာဖြစ်သလို ပြည်သူတရပ်လုံးရဲ့ နှလုံးသားဆန္ဒ၊ ကမ္ဘာ့ပြည်သူတွေရဲ့ မေတ္တာရပ်ခံ တောင်းဆိုချက်တွေကို စစ်ဖိနပ်နဲ့ နင်းခြေလိုက်တာပါ။ ဒီဖြစ်ရပ်က ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်တဲ့ အချက်ရှိပါတယ်။ ဒါကတော့ စစ်ကောင်စီဟာ သူတို့ အာဏာဆက်လက်ချုပ်ကိုင်ရေးအတွက် တတိုင်းပြည်လုံး မီးဟုန်းဟုန်း တောက်လောင်လည်း ရူးရူးကန်းကန်း ဆက်မိုက်မဲနေမှာကို ဖော်ပြနေပါတယ်။ မြန်မာပြည်သူတွေနဲ့အတူ တကမ္ဘာလုံးက သေသေချာချာ၊ ရှင်းရှင်းလင်းလင်း သိလိုက်ရပါပြီ။ မအလ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်လို့ မဖြစ်နိုင်တော့ဘူးဆိုတာ အင်မတန် ရှင်းလင်းသွားပါပြီ။

မြန်မာပြည်သူတွေဟာ နိုင်ငံတကာအသိုင်းအဝန်းရဲ့ “ရှုတ်ချတယ်၊ ကန့်ကွက်တယ်၊ စိတ်မကောင်းပါဘူး” ဆိုတဲ့ ထုံးတမ်းစဉ်လာ လုပ်ဆောင်ချက်တွေအပေါ်မှာ စိတ်ပျက်လက်ပျက် ဖြစ်နေပါပြီ။ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အလုပ်မဖြစ်နိုင်ဘူးဆိုတာကို အာဆီယံ အဖွဲ့ဝင်တွေကိုယ်တိုင် စထုတ်ဖော်ပြောဆိုနေပါပြီ။ ပြဿနာက မြန်မာ့အရေး ဖြေရှင်းရေးမှာ နိုင်ငံတကာအသိုင်းအဝန်း တရပ်လုံး (ကုလသမဂ္ဂ အပါအဝင်) က အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်အပေါ် အားပြုကြိုးပမ်းနေကြတာပါ။ အဖြေကတော့ ရှင်းနေပါပြီ၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အစားထိုးမယ့် လုပ်ငန်းစဉ်တရပ် လိုအပ်နေပါပြီ။ အရင်ဆုံး ဆောင်ရွက်ရမှာက အာဆီယံအဖွဲ့အနေနဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ဘေးဖယ်လိုက်ပြီး လုပ်ငန်းစဉ်အသစ်တရပ်ကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ညှိနှိုင်းပြောဆိုလို့ရတဲ့ ဒီမိုကရက်တစ် အင်အားစုတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ပုံဖော်ကြရမှာပါ။

လုပ်ငန်းစဉ်တရပ်ကို ပုံဖော်စဉ်းစားရာမှာ ဘယ်လိုမူဘောင်တွေအတွင်းက စဉ်းစားမယ်ဆိုတဲ့ မူဝါဒ လမ်းညွှန်ချက် ရှိပါတယ်။ ဒီ မူဝါဒ လမ်းညွှန်ချက်ဟာ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေကို ထင်ဟပ်နိုင်စွမ်း ရှိရပါမယ်။ မြန်မာနိုင်ငံရဲ့ ပစ္စုပ္ပန်အကျပ်အတည်းဟာ တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးက စစ်အာဏာရှင်စနစ်ကို ဘယ်လိုပုံစံမျိုးနဲ့မှ လက်မခံနိုင်ဘူးဆိုတာကို အင်မတန်ပဲ ရှင်းရှင်းလင်းလင်း၊ ပြတ်ပြတ်သားသား ဖော်ပြနေပါတယ်။ တပြိုင်နက်တည်းမှာပဲ တိုင်းရင်းသားပြည်သူလူထု တရပ်လုံးဟာ ဖက်ဒရယ်ဒီမိုကရစီပြည်ထောင်စု ထူထောင်လိုတယ် ဆိုတာကို သန္နိဋ္ဌာန် ခိုင်ခိုင်မာမာနဲ့ ဖော်ပြနေပါတယ်။ ဒါကြောင့် မြန်မာ့လုပ်ငန်းစဉ်သစ်ရဲ့ မူဝါဒမူဘောင်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စု ထူထောင်မယ့် ဖွဲ့စည်းပုံ ရေးဆွဲရေး ဖြစ်ရပါမယ်။ ကျွဲကူးရေပါအနေနဲ့ မအလ စစ်ကောင်စီ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ လုံးဝလက်ခံနိုင်တဲ့ကိစ္စ မဟုတ်ဘူး ဆိုတာကိုပါ ပြတ်ပြတ်သားသား ဖော်ပြရပါမယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း စကော့မာစီရယ်က အလုပ်မဖြစ်တာကို ဖြစ်သယောင် ဟန်ဆောင်နေတဲ့ လုပ်ရပ်အားလုံး ရပ်လိုက်ပါတော့လို့ တိုက်တွန်းထားပါတယ်။ ဟုတ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တရပ် ရေးဆွဲရေးဆိုတဲ့ မူဘောင်အတွင်းကနေ လုပ်ငန်းစဉ်အသစ်တရပ် ချမှတ်ရမယ်ဆိုတာကို နိုင်ငံတကာအသိုင်းအဝန်းကပါ လက်ခံဖို့ လိုအပ်ပါတယ်။ လုပ်ငန်းစဉ်ကို စဉ်းစားတဲ့နေရာမှာ တွေ့ဆုံဆွေးနွေးရမယ် ဆိုတာကို လုံးဝ လက်မခံ၊ ပယ်ချထားတဲ့ မအလစစ်ကောင်စီကို ပီသပြတ်သားတဲ့ သတင်းစကားပါးနိုင်တဲ့ လုပ်ငန်းစဉ်မျိုး ဖြစ်ရပါမယ်။ နိုင်ငံရေးအရ ကိုယ်စားပြုတဲ့ပုဂ္ဂိုလ်မှ မဟုတ်ပါဘူး၊ မအလ စစ်ကောင်စီကို ကိုယ်စားပြုတဲ့ ဘယ်လိုအဆင့် အရာရှိမျိုးကိုမှ အာဆီယံအစည်းအဝေး အပါအဝင် နိုင်ငံတကာ အစည်းအဝေး အားလုံးမှာ လက်မခံတော့ဘူးဆိုတဲ့ လုပ်ငန်းစဉ် ချမှတ်ဖို့ လိုအပ်ပါတယ်။ အိန္ဒိယ၊ ဂျပန်၊ တရုတ်တို့လို အိမ်နီးချင်းတွေက မြန်မာပြည်သူတွေအပေါ် တိုက်ရိုက် ဆိုးကျိုးသက်ရောက်နိုင်တယ်ဆိုတဲ့ ဆင်ခြေနဲ့ မအလ စစ်ကောင်စီကို ဖေးဖေးမမ ဆက်ဆံနေပါတယ်။ မအလ စစ်ကောင်စီဟာ ဒီလို ဖေးဖေးမမ ဆက်ဆံနေတာကို သူတို့ရဲ့ အင်အားလိုလို အသုံးချပြီး မြန်မာပြည်သူတွေအပေါ် ရက်ရက်စက်စက် ပိုမို ဖိနှိပ်နိုင်ဖို့ အသုံးချနေတာကို အိမ်နီးချင်းနိုင်ငံတွေ နားလည်ဖို့ လိုပါတယ်။

ဒုတိယလုပ်ငန်းစဉ်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာပြည်သူတွေရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရေးကို ဝိုင်းဝန်းထောက်ခံအားပေးဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံ အနှံ့အပြားက အတိဒုက္ခရောက်တဲ့ ပြည်သူတွေအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကတဆင့် ဘယ်လို ထိထိရောက်ရောက်၊ လက်တွေ့ကျကျ ကူညီမလဲ ဆိုတာကို တတိယလုပ်ငန်းစဉ် ဖြစ်သင့်ပါတယ်။ စတုတ္ထလုပ်ငန်းစဉ်အနေနဲ့ မအလ စစ်ကောင်စီရဲ့ ဝင်ငွေရရာလမ်းကြောင်း အားလုံးကို ပိတ်ဆို့ဟန့်တားမယ့် ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ပြဋ္ဌာန်းဖို့ပါ။ အရေးအကြီးဆုံးကတော့ ကိုယ့်ပြည်သူတွေကို ရန်သူအဖြစ် သတ်မှတ်ပြီး လေကြောင်းမကျန် ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ရပ်တန့်ပစ်စေမယ့် လက်တွေ့လုပ်ငန်းစဉ်တွေကို ချမှတ်ပေးဖို့ပါ။

တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန် စတဲ့နိုင်ငံတွေအနေနဲ့ မအလ စစ်ကောင်စီကို လုံးဝ လက်နက်ရောင်းချမှု ပိတ်ပင်ရေးကို လက်မခံနိုင်၊ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရေးကို သဘောမတူဘူးဆိုရင် ပြည်သူလူထုအပေါ် ရက်ရက်စက်စက် စစ်ဆင်နွှဲနေတာကို ရပ်ဆိုင်းဖို့ မအလ စစ်ကောင်စီကို နားချပေးဖို့ တာဝန်ယူရပါမယ်။ ဒီလိုမှ တာဝန်မယူနိုင်ဘူးဆိုရင် အမေရိကန် အပါအဝင် ဒီမိုကရေစီနိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ တရားမျှတတဲ့ ကာကွယ်ပိုင်ခွင့်အတွက် စစ်လက်နက်ပစ္စည်းပံ့ပိုးပေးဖို့ တာဝန်ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို စဉ်းစားသုံးသပ်တဲ့နေရာမှာ မြန်မာ့စီးပွားရေးဟာ အချိန်မရွေး ပြိုကျသွားနိုင်တယ် ဆိုတာကို အလေးအနက် ထည့်သွင်းတွက်ချက်ဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ လူမှုရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြောရရင် ကဏ္ဍပေါင်းစုံမှာ အကျပ်အတည်း ဆိုက်နေတာမို့လို့ တိုင်းပြည်စီးပွားရေး ပြိုလဲမှ ဖြေရှင်းပေးဖို့ ကြိုးစားရင် ဘယ်လိုမှ ဖြေရှင်းနိုင်စွမ်းရှိမှာ မဟုတ်ပါဘူး။ တိုင်းပြည်စီးပွားရေး မပြိုလဲခင် မြန်မာ့အကျပ်အတည်း ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ကြိုတင်ချမှတ် ဆောင်ရွက်ထားရမှာပါ။ မြန်မာ့စီးပွားရေး ပြိုလဲသွားပြီ ဆိုရင်တော့ ဒီဆိုးကျိုးဂယက်ကို အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် ဒေသတခုလုံး ခံစားရမှာပါ။ မအလ စစ်ကောင်စီရဲ့ ဆိုးဝါး၊ ကောက်ကျစ်၊ ရက်စက်ယုတ်မာမှုဟာ မြန်မာနိုင်ငံ အပါအဝင် ဒေသတခုလုံးရဲ့ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွေအပေါ် ခြိမ်းခြောက်စိန်ခေါ်နေတာကို အသိအမှတ်ပြုပြီး လက်တွေ့ကျတဲ့ အဖြေတရပ် ရှာဖွေရမယ် ဆိုတာကို လက်ခံရမယ့်အချိန် ရောက်နေပါပြီ။      ။ 

ရဲဝံ့လင်းယုန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013