
ဧရာဝတီတိုင်း ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ငဝန်ရေကာတာ ကျိုးပေါက်မှုကြောင့် ရပ်ကွက်နဲ့ကျေးရွာအများအပြား ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်နေတယ်လို့ ဒေသခံ တွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့ တွေဆီက သိရပါတယ်။
လေးမျက်နှာမြို့နယ်၊ သခွက် ချောင်းကျေးရွာအုပ်စု၊ မြစ်ကျိုးကျေးရွာရှိ၊ တာမိုင်အမှတ် ၂၅ /၃ အနီးက ငဝန်ရေကာတာဟာ မိုးသည်းထန်စ္စာရွာသွန်းမှုကြောင့် ဇူလိုင် ၃၁ ရက်မနက်က အလျားပေ ၅၀ အထိ ကျိုးပေါက်ခဲ့ပြီး ရပ်ကွက်နဲ့ကျေးရွာတွေထဲက နေအိမ်တွေ အများအပြား ရေကြီး ရေလျှံ နစ်မြုပ်မှု ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “တာကျိုးပေါက်သွား တာကြောင့် ပိုဆိုးသွားတာ။ မိုးက မနေ့ကတည်းက အဆက်မပြတ်ရွာနေတာ။ အိမ်တွေအကုန် ရေနစ်မြုပ်နေပါတယ်။ အကုန်ပြောင်းရွှေ့နေရတယ်” လို့ ပြောပါတယ်။
ရေကြီးရေလျှံမှုဖြစ်ပွားနေတာကြောင့် လေးမျက်နှာမြို့နယ်ထဲက အမှတ် ၃ ရပ်ကွက်၊ ဂျမ်းကုန်း ကျေးရွာ၊ အမှတ် ၄ ရပ်ကွက်၊ ကျွန်းတဲကျေးရွာ၊ အမှတ် ၅ ရပ်ကွက်၊ ကွမ်းခြံ ကုန်းကျေးရွာတွေက နေအိမ်တွေ အဓိက နစ်မြုပ်နေတယ်လို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတယောက်က “လတ်တလော ရေဘေးသင့်ဒေသခံတွေကို ယာယီ ရေဘေးရှောင်ဖို့ ဘုန်းကြီးကျောင်းနဲ့ သူတို့ရဲ့မိသားစုတွေရဲ့ နေအိမ်တွေ ရေဘေးလွတ်တဲ့ နေရာတွေကို အရေးပေါ်ပြောင်းရွှေ့ပေး ထားရတယ်” လို့ ပြောပါတယ်။
လတ်တလောအနေနဲ့ အရေးပေါ်ကူညီပြောင်းရွှေ့ရတဲ့ လုပ်ငန်းနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို အဓိကထား လုပ်ဆောင်နေရပြီး ပိတ်မိနေသူတွေလည်းရှိပေမဲ့ လူတွေ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို တိုင်းမီးသတ်ဦးစီး ဌာနကတာဝန်ရှိသူတွေနဲ့ ကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ရေကာတာကျိုးပေါက်မှုကို မီးသတ်ဦးစီးဌာနနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ပြုပြင်တာတွေ လုပ်ဆောင်နေပြီး မြေပြင်ရေမြင့်တက်လာမှုအခြေအနေကိုလည်း စောင့်ကြည့် နေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။










