DVB Logo
Home
မြန်မာသတင်း
လက်မရွံ့ BGF တပ်ဖွဲ့ကို ပြည်သူများ သတိထားကြရန် ဗိုလ်မှူးကြီး စောကလယ်ဒို တိုက်တွန်း
DVB
·
August 10, 2022
လက်မရွံ့ BGF တပ်ဖွဲ့ကို ပြည်သူများ သတိထားကြရန် ဗိုလ်မှူးကြီး စောကလယ်ဒို တိုက်တွန်း
Donate to DVB

စစ်ကောင်စီအာဏာတည်မြဲဖို့ BGF တပ်ဖွဲ့ဝင်တွေဟာ ဘာပဲလုပ်ရလုပ်ရ လက်မရွံ့လုပ်မှာဖြစ်လို့ ဒေသခံပြည်သူတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ တပ်မဟာ ၅၊ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကလယ်ဒိုက တိုက်တွန်းလိုက်ပါတယ်။

ဩဂုတ် ၁ ရက် ည ၉ နာရီလောက်က ကေအန်ယူ၊ ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်မြို့နယ်၊ ကတိုင်တိကျေးရွာအုပ်စု၊ ကုလားကုန်းရွာ ဒေသခံပြည်သူတဦးကို စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ပြီး ယွန်စလင်းမြစ်အတွင်း စွန့်ပစ်ခဲ့တာနဲ့ပတ်သက်ပြီး သတိပေးပြောဆိုလိုက်တာပါ။

ကေအန်ယူ၊ တပ်မဟာ ၅၊ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကလယ်ဒိုက “ရပ်ရွာလုံခြုံရေး၊ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်လာပြီဆိုတာ လူတိုင်းသိထားဖို့နဲ့ သူတို့အာဏာတည်မြဲဖို့ ဘာပဲလုပ်ရလုပ်ရ လက်မရွံ့တာ သတိထားဖို့လိုတယ်” လို့ ဆိုပါတယ်။

ကတိုင်တိကျေးရွာအခြေစိုက်၊ အမှတ် ၁၀၁၃ နယ်ခြားစောင့် (BGF) တပ်ရင်းက ဗိုလ်လှကြိုင် ဦးစီးတဲ့အဖွဲ့က ကုလားကုန်းရွာသား အိတမန် (၃၅ နှစ်) အား မူးယစ်သောက်စား ရမ်းကားတယ်ဆိုတဲ့ တဖက်သတ်စွပ်စွဲချက်နဲ့ ဖမ်းဆီးပြီး တပ်ဖွဲ့ဝင်ဖားတာဒါးက အကြောင်းမဲ့သတ်ဖြတ်ပြီး မိသားစုဝင်တွေကို အသိပေး အကြောင်းကြားတာမရှိဘဲ ရုပ်အလောင်းကို ယွန်းစလင်းမြစ်အတွင်း စွန်ပစ်ခဲ့ပါတယ်။

နယ်ခြားစောင့် (BGF) တပ်ဆိုတာ ပြည်သူကိုစောင့်ရှောက်ရမှာဖြစ်ပြီး ပြည်သူကို သတ်ဖြတ်ဖို့ အထက်က ညွှန်ကြားထားတာမရှိသလို ဘာကြောင့်သေရတယ်ဆိုတာ တိတိကျကျဆုံးဖြတ်ပြီး အရေးယူလုပ်ဆောင်ဖို့ လိုတယ်လို့  နယ်ခြားစောင့်(BGF)တပ်တာဝန်ရှိသူတဦးက ပြောပါတယ်။

“လူတဦးကို ဘာမှအပြစ်မရှိဘဲနဲ့ လိုက်သတ်ဖို့ဆိုတာ တခါမှမကြားဖူးဘူး။ အနိုင့်ကျင့်တာတို့ ညွှန်ကြားထားတာလည်း မကြားဘူး။ အဲလိုမျိုး လူထုတွေ သတ်တိုင်း သေရမယ်ဆို ဘယ်သူမှ မသေခံနိုင်ဘူးလေ။ ဘယ်မြို့ဘယ်ရွာပဲဖြစ်ဖြစ်။” 

ဇူလိုင် ၃၁ ရက် ည ၁၀ နာရီလောက်က မထောအခြေစိုက် စစ်ကောင်စီရဲ့ စကခ ၈ လက်အောက်ခံ၊ ခမရ ၄၀၇ နဲ့ အမှတ် ၁၀၁၃ နယ်ခြားစောင့်တပ်(BGF)ပူးပေါင်းတပ်တွေဟာ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအုပ်စုအတွင်းက သာမစူလော်ကျေးရွာအတွင်းကို အမြောက်လက်နက်ကြီး ၉ လုံး တမင်ရည်ရွယ်ပစ်ခတ်ခဲ့သလို အပြစ်မဲ့ အရပ်သားပြည်သူတွေကို နည်းမျိုးစုံနဲ့အကြပ်ကိုင်ပြီး ဖိအားပေး ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။

ဇူလိုင်လအတွင်း တပ်မဟာ ၅ ၊ ဖာပွန်(မူတြော်)ခရိုင်မှာ စစ်ကောင်စီတပ်၊ BGF တပ်တွေနဲ့ KNLA တပ်တို့ တိုက်ပွဲပေါင်း ၁၁၀ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်ဘက်က ဗိုလ်ကြီး ၁ ဦးအပါအဝင် သေဆုံးသူ ၈၈ ဦးရှိပြီး၊ တပ်ရင်းမှူးတစ်ဦးနဲ့ တပ်ကြပ်ကြီး ၁ ဦးအပါအဝင် ၅၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013