DVB Logo
Home
မြန်မာသတင်း
ကချင်တော်လှန်ရေးအင်အားစုများနှင့်လက်တွဲပြီး စစ်အာဏာရှင်စနစ်ကိုဖြုတ်ချသွားမည်ဟု NUG ပြော
DVB
·
August 10, 2022
ကချင်တော်လှန်ရေးအင်အားစုများနှင့်လက်တွဲပြီး စစ်အာဏာရှင်စနစ်ကိုဖြုတ်ချသွားမည်ဟု NUG ပြော
Donate to DVB

သြဂုတ် ၁၀ ရက် ဒီကနေ့ကျရောက်တဲ့ ကချင်အာဇာနည်နေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သဝဏ်လွှာပေးပို့လိုက်ပြီး ကချင်တမျိုးသားလုံးနဲ့အတူ ဝမ်းနည်းကြေကွဲရသလို ကချင်တော်လှန်ရေး အင်အားစုတွေနဲ့ လက်တွဲကာ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ကချင်လူမျိုးတွေအပါအဝင် မြန်မာနိုင်ငံတိုင်းရင်းသားအားလုံးလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်သွားဖို့ လေးနက်စွာ သန္နိဋ္ဌာန်ချထားတယ်လို့ ပြောပါတယ်။

ဒီနေ့ကတော့ ကချင်တော်လှန်ရေးအတွက် အသက်ပေးသွားကြတဲ့ ကချင်အာဇာနည်ခေါင်းဆောင်ကြီးတွေကို အောက်မေ့တဲ့ အထိမ်းအမှတ်နဲ့ ပြုလုပ်တဲ့ ၄၇ နှစ်မြောက် အာဇာနည်နေ့ (Share Shagan Nhtoi) ဖြစ်ပြီး ကချင်တော်လှန်ရေးရဲ့ သန္ဓေကို စုပေါင်းထမ်းရွက် ဆောက်တည်ခဲ့ကြတဲ့ ကချင်အမျိုးသား အာဇာနည်တွေအတွက် အောက်မေ့ဖွယ် နေ့ရက်တခု ဖြစ်ပါတယ်။

ကချင်လူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ နိုင်ငံရေးတန်းတူညီမျှခွင့်အတွက် ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းရွက်နေတဲ့ ကချင်တော်လှန်ရေး ဖခင်ကြီးတွေကို တော်လှန်ရေး မှေးမှိန်ပျောက်ကွယ်ဖို့ ရည်ရွယ်ပြီးတော့ အာဏာရှင်တွေက ၁၉၇၅ ခုနှစ် သြဂုတ်လ အစောပိုင်းရက်တွေမှာ စနစ်တကျ လုပ်ကြံသတ်ဖြတ်ခဲ့ကြတာဖြစ်ပြီး အဆိုပါဖြစ်ရပ်ဟာ ကချင်လူထုအတွက် ကြီးစွာသော ဆုံးရှုံးနစ်နာမှု ဖြစ်ခဲ့သလို၊ နှစ်ပေါင်းများစွာ ပူဆွေးဝမ်းနည်းခဲ့ရတဲ့ ကြေကွဲဖွယ်ဖြစ်ရပ် တခုလည်းဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို ကြုံတွေ့ခဲ့ရပေမယ့် ကချင်တော်လှန်ရေးဟာ ဦးမကျိုးခဲ့ဘဲ ၄၇ နှစ်တိုင်တိုင် ဆင့်ကဲပြောင်းလဲ တာဝန်ထမ်းရွက်မှုနဲ့ ကချင့်တော်လှန်ရေးတပ်ဦးဖြစ်တဲ့ KIO/KIA ကို ညီညွတ်စွာ စုစည်းပြီးတော့ ဆက်လက်ဦးဆောင်ချီတက်နိုင်ခဲ့တာဟာလည်း လေးစားဂုဏ်ယူဖွယ် ဖြစ်တယ်လို့ NUG အစိုးရက ပြောပါတယ်။

NUG အစိုးရအနေနဲ့ ခေတ်အဆက်ဆက်က တိုင်းရင်းသားလူမျိုးတွေရဲ့ နိုင်ငံရေးအရ ရပိုင်ခွင့် အခွင့်အရေးတွေကို လျစ်လျူရှုကာ လက်နက်အားကိုး အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်စနစ်ကို အပြီးသတ်ချေမှုန်းပြီး ကချင်လူမျိုးများအပါအဝင် တိုင်းရင်းသားလူမျိုးအားလုံးလိုလားတဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဒီမိုကရေစီကို အပြည့်အဝ အာမခံတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ဖို့ သန္နိဋ္ဌာန်ချထားတဲ့ အစိုးရဖြစ်တယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော် ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားတာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013