
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းကျေးရွာအနီးမှာ စစ်ကောင်စီ ယာဉ်တန်းအတွက် ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားပါတယ်။
သြဂုတ် ၉ ရက် မနက်ပိုင်းက ကား ၈ စီးပါ စစ်ကောင်စီယာဉ်တန်း ကျိုက်ထိုမြို့နယ်ကို ဖြတ်သန်းသွားလာဖို့အတွက် မရမ်းချောင်းကျေးရွာအနီးမှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ် အင်အား ၃၀ လောက်နဲ့ သတင်းအရ ကြိုတင်စောင့်ဆိုင်းနေတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
နာရီဝက်နီးပါးကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁ ဦး သေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက် တစုံတရာမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ KNLA ပူးပေါင်းတပ် တာဝန်ရှိသူတဦးက ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်မှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး စစ်ကောင်စီတပ်က စစ်ရေး ဝင်ရောက်လှုပ်ရှားနေတာကြောင့် နှစ်ဖက် စစ်ရေးတင်းမာနေပါတယ်။