DVB Logo
Home
မြန်မာသတင်း
လမ်းပျက်၊ ဒေါ်လာဈေးတက်နေသဖြင့် မောင်တော နယ်စပ်ကုန်သွယ်ရေး ကျဆင်း
DVB
·
August 10, 2022
လမ်းပျက်၊ ဒေါ်လာဈေးတက်နေသဖြင့် မောင်တော နယ်စပ်ကုန်သွယ်ရေး ကျဆင်း
1 / 2
Donate to DVB

မြန်မာကျပ်ငွေနဲ့ လဲလှယ်တဲ့ အမေရိကန်ဒေါ်လာဈေး မြင့်တက်လာတာနဲ့ လမ်းပန်းဆက်သွယ်ရေး မကောင်းတာကြောင်း ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်သွယ်မှု ကျဆင်းနေတယ်လို့  နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။

မောင်တောနယ်စပ်မှ ဒေသခံကုန်သည်တစ်ဦးက “ဒေါ်လာဈေးတက်တဲ့အတွက် ကုန်သွယ်မှု ကျဆင်းသလို လမ်းမကောင်းတာလည်း ပါတယ်။ လမ်းက ဥဒေါင်းကျေးရွာနားမှာ ပျက်စီးမှု များနေတယ်။ ကုန်ကားတွေ လုံးဝသွားလို့ မရတော့ဘူး။ အလယ်သံကျော်ဘက်က သာမန် ကုန်ကားငယ်တွေ သွားနိုင်ပေမဲ့ ကုန်ကားကြီးတွေနဲ့ အအေးခန်းပါတဲ့ ငါးမြစ်ချင်းကားတွေ သွားလာလို့ လုံးဝဆင်မပြေဘူး”လို့ ပြောပါတယ်။

မောင်တောမြို့နယ် ဝေသာလီ-ဥဒေါင်း ၁၃ မိုင် လမ်းပိုင်းမှာ မိုးရွာပြီး လမ်းတွေ ပျက်စီးနေလို့ ကုန်ကားကြီးတွေနဲ့ အအေးခန်းပါ ငါးမြစ်ချင်းကားတွေ သွားလာရခက်ခဲနေပြီး လက်ရှိ ဒေါ်လာဈေးကလည်း တဒေါ်လာကို ကျပ် ၂၇၀၀ အထိ မြင့်တက်နေတာကြောင့် တဖက်နိုင်ငံနဲ့ ကုန်သွယ်မှု ကျဆင်းနေတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ငါးမြစ်ချင်းတင်ပို့နေတဲ့ ကုန်သည်တစ်ဦးက “သြဂုတ်လ ၄ ရက်နေ့မှာ ဒီလမ်းတွေ ပျက်စီးနေတာနဲ့ပတ်သက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှာ ကုန်သည်တွေကို ခေါ်ယူပြီး အစည်းအဝေး လုပ်တာရှိတယ်။ ဒါပေမဲ့ ရေရာသေချာတဲ့ အဖြေဘာမှ မရရှိခဲ့ဘူး။ သူတို့ဘက်က ဇုန်လမ်းနဲ့ ဥဒေါင်းလမ်းပျက်တာကို အထက်ကို တင်ပြထားတယ်လောက်သာ ပြောနိုင်တယ်။ ကုန်သွယ်မှုမကျအောင် လုပ်ဖို့ ဘာမှအာမခံပြီး မပြောနိုင်ဘူး”လို့ ပြောပါတယ်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကနေ ဘင်္ဂလားဒေ့ရှိနိုင်ငံကို ဇွန်လမှာ ငါးမြစ်ချင်းတန်ချိန် ၁၂၀၀ ကျော်တင်ပို့ နိုင်ခဲ့ပေမဲ့  ဇူလိုင်လမှာ  တန်ချိန် ၉၀၆ တန်သာ တင်ပို့နိုင်ခဲ့ပါတယ်။

ဇွန်လရဲ့ ကုန်သွယ်မှုပမာဏက အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၂ ဒေါ်လာသန်း အထိ ကုန်သွယ်နိုင်ခဲ့ပေမဲ့  ဇူလိုင်လမှာ  ၁ ဒသမ ၆၅၂ ဒေါ်လာသန်းဖိုးသာ ကုန်သွယ်နိုင်ခဲ့တယ်လို့ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့  တရားဝင်ကိန်းဂဏန်းတွေအရ သိရပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ ကုန်သွယ်စီးပွားရေးတွေ တိုးတက်လာနေတယ်လို့  ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013