
နေပြည်တော် ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းနဲ့ စားသုံးသူရေးရာ ဦးစီးဌာနတို့က နေပြည်တော်ထဲက မြို့နယ်တချို့မှာ စားအုန်းဆီတွေကို လျှော့ဈေးနဲ့ လိုက်လံရောင်းချနေပါတယ်။
ဩဂုတ် ၁ ရက်ကနေ ၆ ရက်နေ့အထိ နေပြည်တော်အတွင်းက လယ်ဝေး၊ ဒက္ခိဏသီရိ၊ ပျဉ်းမနား၊ ဇေယျာသီရိနဲ့ တပ်ကုန်းမြို့နယ်အတွင်းက ကျေးရွာ ၂၇ ရွာမှာ စားအုန်းဆီပိဿာ ၁၃,၂၀၀ ကို တပိဿာ ၃,၉၀၀ ကျပ်နှုန်းနဲ့ လိုက်လံရောင်းချပေးခဲ့တာပါ။ ဒီလိုရောင်းချရာမှာ တအိမ်ထောင်ကို တပိဿာနှုန်း ရောင်းချတာလည်း ဖြစ်ပါတယ်။
ဒက္ခိဏသီရိမြို့နယ်၊ ရွာသစ်ကျေးရွာသူတဦးက “ညီမတို့ရွာမှာတော့ လာမရောင်းဘူး။ ရန်အောင်မြင်ဘက်မှာတော့ လာရောင်းတယ်ပြောတယ်။ အဲ့ဒီရွာမှာ လာရောင်းတယ်ဆိုတော့ ညီမတို့ရွာကိုလည်း လာမယ်ထင်တာ။ သူတို့ဝင်ချင်တဲ့ဆီဝင်ပြီး ရောင်းတာလို့တော့ ပြောတာပဲ” လို့ ပြောပါတယ်။
စစ်ကောင်စီ တာဝန်ရှိသူတွေက စားအုန်းဆီတပိဿာကို ရည်ညွှန်းဈေး ၄,၆၅၀ ကျပ် သတ်မှတ်ထားပေမဲ့ ဈေးကွက်အတွင်းမှာတော့ နှစ်ဆခန့် မြင့်တက်နေပြီး တပိဿာကို ၉,၀၀၀ ကျော် ပေးဝယ်နေရတယ်လို့ သိရပါတယ်။