DVB Logo
Home
မြန်မာသတင်း
ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့သို့ NUG သဝဏ်လွှာပို့၊ တော်လှန်ရေး အင်အားစုများနှင့် လက်တွဲသွားမည်ဟုဆို
DVB
·
August 9, 2022
ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့သို့ NUG သဝဏ်လွှာပို့၊ တော်လှန်ရေး အင်အားစုများနှင့် လက်တွဲသွားမည်ဟုဆို
Donate to DVB

သြဂုတ် ၉ ရက် ဒီကနေ့ကျရောက်တဲ့ ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သဝဏ်လွှာပေးပို့လိုက်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနဲ့ ကရင်နီအမျိုးသားခုခံတော်လှန်ရေးအောင်ပွဲ အမြန်ဆုံးရရှိနိုင်ရေးအတွက် တော်လှန်ရေး အင်အားစုတွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဒီကနေ့ကတော့ သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်ကို ကျူးကျော်လာတဲ့ စစ်အာဏာရှင်တွေကို ကရင်နီအမျိုးသားတွေက ရရာလက်နက်စွဲကိုင်ကာ ကရင်နီပြည် ပြန်လည်ထူထောင်ရေးအတွက် ခုခံတော်လှန်ခြင်း ၇၄ နှစ် ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။

ဘီစီ ၇၃၉ ခုနှစ်မှ စတင်ကာ ကိုယ့်မင်းကိုယ့်ချင်းနဲ့ သီးခြားလွတ်လပ်ပြီး ခိုင်မာတဲ့ သမိုင်းကြောင်းနဲ့ သွင်ပြင်လက္ခဏာတွေအပေါ် အခြေခံကာ မားမားမတ်မတ် ရပ်တည်ခဲ့တဲ့ ကရင်နီပြည်ဟာ ၁၉၄၇ ခုနှစ်၊ စက်တင်ဘာ ၁၉  ရက်မှာ မကြာမီ လွတ်လပ်လာမယ့် မြန်မာပြည်ရဲ့ ပြည်နယ်တခုအဖြစ် ပူးပေါင်းပါဝင်သွားဖို့ လွတ်လပ်သော ကရင်နီပြည်ထောင်စုကောင်စီရဲ့ ဆန္ဒသဘောထား ဆုံးဖြတ်ချက်မပါဘဲ တချို့သော ကရင်နီခေါင်းဆောင်တွေက ဖဆပလခေါင်းဆောင်တွေနဲ့ ပူးပေါင်းဖို့အတွက် လက်မှတ်ရေးထိုးခဲ့တာကြောင့် ကရင်နီပြည်ဟာ မြန်မာပြည်အတွင်း ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မှာ မြန်မာပြည် လွတ်လပ်ရေးရရှိပြီးနောက် ဖဆပလတပ်တွေက ကရင်နီပြည်ထောင်စုကောင်စီ ရုံးစိုက်ရာ မန်းလား (မြလဲ) ရွာကို ဩဂုတ် ၉ ရက်မှာ ဝင်ရောက်တိုက်ခိုက်လာခဲ့တာကြောင့် လွတ်လပ်တဲ့ ကရင်နီပြည် ပြန်လည်တည်ထောင်ရေးကို မျှော်မှန်းပြီးတော့ ကရင်နီခေါင်းဆောင်တွေဟာ မြန်မာပြည် ဖဆပလအစိုးရကို လက်နက်ကိုင် ခုခံတော်လှန်ရေးနဲ့ စတင်ဆင်နွှဲခဲ့ကြပြီး အဲဒီနေ့ကို ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်ကျင်းပလာခဲ့ကြတာ ဖြစ်ပါတယ်။

ကရင်နီအမျိုးသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ခုခံတော်လှန်စစ် ဆင်နွှဲလာခဲ့တဲ့ နှစ်ပေါင်း ၇၄ နှစ်အတွင်း ကရင်နီအမျိုးသားခေါင်းဆောင်၊ တပ်ဗိုလ်၊ တပ်မှူး၊ တပ်သားနဲ့ ပြည်သူလူထုရဲ့ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရတာကိုလည်း အမှတ်ရ လေးစားဦးညွှတ် အလေးပြုအပ်ကြောင်းလည်း NUG အစိုးရ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ခုလတ်တလောမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီက တိုင်းပြည်အာဏာကို မတရားသိမ်းပိုက်ဖို့ ကြိုးပမ်းတဲ့ နောက်ပိုင်းမှာ ကရင်နီပြည်သူလူထုဟာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ လူမဆန်တဲ့ ရက်စက်မှုတွေကို များစွာခံစားကြရပြီး အပြစ်မဲ့ ပြည်သူလူထုကို မတရား ဖမ်းဆီးသတ်ဖြတ်ကာ အိုးအိမ်နဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးမှုတွေဟာလည်း လက်ခံနိုင်ဖွယ်ရာမရှိတဲ့ အကြမ်းဖက်မှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ မတရား အာဏာသိမ်း အုပ်ချုပ်ဖို့ ကြိုးပမ်းမှုကို ကရင်နီတမျိုးသားလုံးနဲ့ ကရင်နီ တော်လှန်ရေးအင်အားစုတွေက လက်မခံဘဲ ဆန့်ကျင်တော်လှန်နေကြတာကို မြင်တွေ့ရတဲ့အတွက် များစွာ ဝမ်းမြောက်ဂုဏ်ယူရတယ်လို့ NUG က ပြောပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော် ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားတာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာ ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013