
အမေရိကန်ဟာ အီရန်တောင်ပိုင်း၊ ဟော်မုဇ်ဂန်ပြည်နယ်ကို ဇူလိုင် ၁၆ နဲ့ ၁၇ ရက်နေ့တွေမှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူ ၈ ယောက် သေဆုံးပြီး ၁၉ ယောက် ဒဏ်ရာရသွားတယ်လို့ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဒီတိုက်ခိုက်မှုမှာ ပြည်နယ်မြို့တော် ဘန်ဒါအက်ဘာ့စ်အပြင် ဆီရစ်ခ်ဆိပ်ကမ်းနဲ့ ကက်ရှမ်ကျွန်း တို့က လူနေရပ်ကွက်တွေ၊ ဆက်သွယ်ရေး တာဝါတိုင်တွေနဲ့ တံတားတွေပါ ထိမှန်ခဲ့တာပါ။
အမေရိကန်စစ်တပ်ရဲ့ အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) ကလည်း ဇူလိုင် ၁၆ ရက်က အိုမန် ပင်လယ်ကွေ့ ကမ်းရိုးတန်းရှိ ကာလာတာရီ ဆိပ်ကမ်းက ရေကြောင်းစောင့်ကြည့်ရေး မျှော်စင်တခုကို တိုက်ခိုက်ခဲ့တဲ့ ဗီဒီယိုဖိုင်ကို မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီမျှော်စင်ကို အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာနေတဲ့ ကုန်သည်တင်သင်္ဘောတွေကို ခြေရာခံဖို့နဲ့ ပစ်မှတ်ထားဖို့ အသုံးပြုနေတာဖြစ်ပြီး၊ အခုလို ဖျက်ဆီးလိုက်တာဟာ ရေလမ်းကြောင်းအတွင်း လွတ်လပ်စွာ သွားလာခွင့်ကို ကာကွယ်ပေးဖို့ ဖြစ်တယ်လို့ အမေရိကန်ဘက်က ဆိုပါတယ်။
ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ အီရန်အမြဲတမ်းကိုယ်စားလှယ် အာမီရ် ဆာအိဒ် အီရာဗာနီကတော့ အရပ်ဘက် အခြေခံအဆောက်အအုံတွေကို အမေရိကန်က အခုလို တိုက်ခိုက်တာဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာဖြစ်ပြီး စစ်ရာဇဝတ်မှု မြောက်တယ်လို့ ကုလသမဂ္ဂထံ စာပို့ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။
အမေရိကန်ဟာ သောကြာနေ့မှာ အီရန်ရှိ တံတားတွေနဲ့ လေဆိပ်တခုကို တိုက်ခိုက်ခဲ့ပြီး တီဟီရန်ကလည်း ကူဝိတ်ရှိ ဓာတ်အားပေးစက်ရုံနဲ့ ဆားငန်ရေ သန့်စင်စက်ရုံတခုကို တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။
တဖက်မှာလည်း အီရန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်ကစလို့ အပစ်အခတ်ရပ်စဲရေး ပျက်ပြားပြီး အမေရိကန်နဲ့ တိုက်ပွဲတွေ တကျော့ပြန် စတင်ခဲ့ပြီးနောက်ပိုင်း တနိုင်ငံလုံးမှာ အနည်းဆုံး လူ ၃၈ ယောက် သေဆုံးပြီး ၄၀၀ ကျော် ဒဏ်ရာရခဲ့ပြီလို့ သိရပါတယ်။
အခုလို နှစ်ဖက်တိုက်ခိုက်မှုတွေ ပြန်ဖြစ်လာတာကြောင့် ဟော်မုဇ်ရေလက်ကြားမှာ ကုန်တင်သင်္ဘောကြီးတွေ သွားလာမှုကို အဟန့်အတားဖြစ်စေခဲ့ပြီး ပါရှန်ပင်လယ်ကွေ့ကနေ ကမ္ဘာကို ရေနံထောက်ပံ့ပို့ဆောင်မှုတွေလည်း ပြတ်တောက်နေပါတယ်။










