DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအား ချက်ချင်းအရေးယူရန် အာဆီယံကို AI အဖွဲ့ တိုက်တွန်း
DVB
·
August 9, 2022
မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအား ချက်ချင်းအရေးယူရန် အာဆီယံကို  AI အဖွဲ့ တိုက်တွန်း
1 / 2
Donate to DVB

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တနေ့တခြားပိုမိုကျူးလွန်နေတဲ့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို တားဆီးရပ်တန့်နိုင်ဖို့ အာဆီယံအဖွဲ့ရဲ့ ဘုံသဘောတူညီချက် ၅ ချက် အလုပ်မဖြစ်တော့ဘူးဆိုတာ အာဆီယံအဖွဲ့က နားလည်လက်ခံဖို့ AI အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ 

အာဆီယံရဲ့ ၅၅ နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်တဲ့ ဒီနေ့မှာပဲ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International, AI) က တိုက်တွန်းလိုက်တာပါ။

“မြန်မာစစ်တပ်ရဲ့လူမဆန်အောင် ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေအတွက် တာဝန်ခံမှုရှိအောင် ထိန်းသိမ်းနိုင်စွမ်းရှိတဲ့ အဖွဲ့အစည်းဖြစ်ကြောင်း အာဆီယံအဖွဲ့က သက်သေပြဖို့လိုပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ သွေးစွန်းနေခဲ့တဲ့ သူတို့ရဲ့လက်နဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် အရေးယူနိုင်ခြင်းမရှိရင် မြန်မာစစ်တပ်ဟာ မြန်မာနိုင်ငံအတွင်းက လူသန်းပေါင်းများစွာရဲ့ အသက်နဲ့ ဘဝတွေကို ချနင်းပြီး လူ့အခွင့်အရေးတွေကို ဆက်လက်ချိုးဖောက်နေဦးမယ်” လို့ အရှေ့အာရှ၊ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ စည်းရုံးမှုဒါရိုက်တာ မင်းယုဟာ (Ming Yu Hah) က ပြောပါတယ်။ 

မတရားပြစ်ဒဏ်ချမှတ်ပြီး တရားဥပဒေမဲ့ သတ်ဖြတ်ခြင်းတွေအပါအဝင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကနေစလို့ မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်စွာကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေနဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကို တားဆီးနိုင်ဖို့ အာဆီယံအဖွဲ့က ခိုင်မာလေးနက်တဲ့ တုံ့ပြန်မှုတွေနဲ့ လျင်လျင်မြန်မြန် အရေးယူဆောင်ရွက်ဖို့ လိုတယ်လို့ သူကပြောပါတယ်။ 

ဒီအချက်ကို ပိုပြီးလေးနက်သတိထားမိစေဖို့ “အခုပဲဆောင်ရွက်ပါတော့ အာဆီယံ” ဆိုတဲ့စာတန်းကို ဩဂုတ်လ ၈ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ အာဆီယံရုံးချုပ်အဆောက်အဦပေါ်မှာ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က မီးမောင်းထိုးပြခဲ့ပါတယ်။

အာဆီယံအဖွဲ့အနေနဲ့ရော၊ အဖွဲ့ဝင်တနိုင်ငံချင်းစီအနေနဲ့ပါ သူတို့ရဲ့ယုံကြည်စိတ်ချရမှုနဲ့ သမာသမတ်ကျမှုဆိုတဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းထားနိုင်ဖို့အတွက် မြန်မာနိုင်ငံအနှံ့ သွေးမြေခနေရတဲ့ အခြေအနေတွေကို တားဆီးရပ်တန့်ဖို့ သူတို့ရဲ့ ချဉ်းကပ်နည်းကို ပြောင်းလဲဖို့နဲ့ မြန်မာနိုင်ငံအတွင်းမှာ တရားဥပဒေစိုးမိုးရေးအတွက်လည်း ဝိုင်းဝန်းဖိအားပေးကြဖို့ လိုပါတယ်။ အာဆီယံအဖွဲ့ဟာ ပိတ်ဆို့တားဆီးရေးဘက်ကမဟုတ်ဘဲ တိုးတက်ပြောင်းလဲရေးအတွက် ဆောင်ရွက်ရမှာဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေကနေ မြန်မာစစ်တပ်အပေါ်မှာ အမြင့်ဆုံးဖိအားပေးဖို့ တိုက်တွန်းတောင်းဆိုရမယ်လို့ မင်းယုဟာက ပြောပါတယ်။ 

ဥပဒေမဲ့ စိတ်ထင်တိုင်း ဖမ်းဆီးထားသူတွေကို ချက်ချင်းလွှတ်ပေးဖို့ ဆိုတဲ့အချက်အပါအဝင် နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေကို ချက်ချင်းတုံ့ပြန်လိုက်နာဖို့ အာဆီယံက မြန်မာစစ်တပ်ကို တောင်းဆိုရမှာဖြစ်ပါတယ်။ 

ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလာခဲ့တဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို ဖိအားပေးနေရပ်ပြန့်မပို့ရေး၊ လိုအပ်ချက်မြင့်မားလျက်ရှိတဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ပေးနိုင်ရေးနဲ့ မြန်မာနိုင်ငံကို လက်နက်ရောင်းချခြင်းကနေ တားမြစ်ဖို့ တကမ္ဘာလုံးကတောင်းဆိုရာမှာ အာဆီယံကလည်း ပါဝင်တောင်းဆိုဖို့ စတဲ့အချက်တွေအပါအဝင် တခြားအရေးပေါ်လိုအပ်နေတဲ့အချက်တွေကိုလည်း  အာဆီယံကဖော်ပြဖို့ တိုက်တွန်းတယ်လို့ သူကပြောပါတယ်။

ဂျကာတာက အာဆီယံရုံးချုပ်အဆာက်အဦကို မီးမောင်းထိုးကာ စာတန်းထိုးပြခဲ့တဲ့ လှုပ်ရှားမှုမှာ အင်ဒိုနီးရှားနိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နဲ့အတူ အခြားလူမှုရေးအဖွဲ့အစည်း အမြောက်အမြား စုပေါင်းပါဝင်ခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ်က ဂျကာတာမှာကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပချိန်မှာလည်း မင်းအောင်လှိုင်အပါအဝင် မြန်မာစစ်တပ်ခေါင်းဆောင်တွေကို လူသားထုတရပ်လုံးအပေါ် ကျူးလွန်သောရာဇဝတ်မှုများအတွက် တာဝန်ရှိတဲ့အတိုင်း စုံစမ်းစစ်ဆေးဖော်ထုတ်ဖို့ အင်ဒိုနီးရှားကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က သတိပေးခဲ့ပါတယ်။

အာဆီယံရဲ့ အကြမ်းဖက်မှုလျော့ချပပျောက်ရေး အချက် ၅ ချက်ပါ သဘောတူညီချက်ကို လိုက်နာဖော်ဆောင်ရမယ့်အစား မြန်မာနိုင်ငံက လူသန်းပေါင်းများစွာပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်လက်ကျူးလွန်ရင်း အာဆီယံရဲ့သဘောတူညီချက်တွေကို  မြန်မာစစ်တပ်က မခန့်လေးစားလုပ်နေတယ်လို့လည်း မင်းယုဟာက ပြောပါတယ်။

စက်ဆုပ်စရာကောင်းလောက်အောင် မမျှတတဲ့ စီရင်ချက်နဲ့ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် သေဒဏ်စီရင်ခဲ့တာဟာ မြန်မာနိုင်ငံသားတွေကို မြန်မာစစ်တပ်က စိတ်ရှိတိုင်း အနိုင်ကျင့်နေတဲ့ ဥပမာတွေထဲကတခု ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဧပြီလထဲမှာ ထုတ်ဝေခဲ့တဲ့ စစ်တမ်းမှာ မြန်မာနိုင်ငံအတွင်းမှာ ဖိနှပ်မှုတွေ ပိုမိုဆိုးရွားလာနေတယ်လို့ ဆိုပါတယ်။ 

ရဲတွေဟာ အရပ်ဝတ်တွေနဲ့ သစ်သီးသည်ယောင်၊ ဆိုက္ကားသမားယောင်ဆောင်ကာ အတိုက်အခံတွေကို စုံစမ်းဖော်ထုတ်နေကြောင်းလည်း သိရပါတယ်။ အတိုက်အခံတွေကို တန်ပြန်တိုက်ခိုက်တဲ့အနေနဲ့ သူတို့ရဲ့အိမ်တွေကို ဝင်စီးနင်းတာတွေ၊ မိသားစုဝင်တွေကို ဖမ်းခေါ်သွားတာတွေကိုလည်း မြန်မာစစ်တပ်က ဆောင်ရွက်နေပါတယ်။ 

ဖမ်းဆီးခံထားရသူတွေကို မြန်မာစစ်တပ်က နှိပ်စက်ညှဉ်းပန်းတာတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ၊ လိင်ခွဲခြားအကြမ်းဖက်တာတွေနဲ့ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှုတွေ ကျူးလွန်လျက်ရှိတာကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဩဂုတ် ၂ ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

မြန်မာစစ်တပ်က သံသယရှိသူတွေကို ဘယ်သူမှမသိလိုက်ဘဲ  ပြန်ပေးဆွဲသလို ဖမ်းခေါ်သွားပြီး စစ်ကြောရေးမှာ နှိပ်စက်တာတွေကိုလည်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က စုံစမ်းသိရှိထားတယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013