DVB Logo
Home
မြန်မာသတင်း
ပြည်သူကိုယ်စားပြု လူ့အခွင့်အရေးကော်မရှင်သစ် ဖွဲ့စည်းရန် အရပ်ဘက်အဖွဲ့များ တောင်းဆို
DVB
·
August 8, 2022
ပြည်သူကိုယ်စားပြု လူ့အခွင့်အရေးကော်မရှင်သစ် ဖွဲ့စည်းရန် အရပ်ဘက်အဖွဲ့များ တောင်းဆို
Donate to DVB

မြန်မာနိုင်ငံမှာ  ပြည်သူလူထုကို အမှန်တကယ်ကိုယ်စားပြုတဲ့  နိုင်ငံအဆင့် လူ့အခွင့်အရေးကော်မရှင်အသစ်တရပ် ပေါ်ပေါက်ဖို့ လိုအပ်နေပြီလို့ လွတ်လပ်သော နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများအလုပ်အဖွဲ့ (မြန်မာ)နဲ့ မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းတွေက ပူးတွဲထုတ်ပြန်လိုက်ပါတယ်။

၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက် ဖွဲ့စည်းခဲ့တဲ့ နိုင်ငံအဆင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် (MNHRC) ဟာ  နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနတွေ လိုက်နာရမယ့် ပါရီအခြေခံမူ  အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်စံနှုန်းတွေနဲ့ ကိုက်ညီမှု မရှိတဲ့အပြင် သီးခြားလွတ်လပ်မှု မရှိတဲ့အတွက် ဒီနေ့အထိလည်း နိုင်ငံတကာနဲ့ ပြည်တွင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေရဲ့ ယုံကြည်မှု ကင်းမဲ့တာကို ခံနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့  စစ်အုပ်စုက အာဏသိမ်းပြီးနောက် နိုင်ငံတဝန်းက ပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် ထိုးစစ်ဆင်တာ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေကို နိုင်ငံအနှံ့ပြုလုပ်နေပေမယ့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ဟာ ကန့်ကွက်ရှုတ်ချမှုမလုပ်ဘဲ စစ်အုပ်စုနဲ့ ဆက်လက်ရပ်တည်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အထူးသဖြင့် ၂၀၂၁ ခု ဖေဖော်ဝါရီ ၁၁ ရက်နေ့ကစပြီး အရပ်ဘက်လူထုအဖွဲ့အစည်းတွေက စစ်အုပ်စုရဲ့ အာဏာသိမ်းရန် ကြိုးပမ်းမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရှုတ်ချကန့်ကွက်ဖို့ အကြိမ်ကြိမ်တောင်း ဆိုခဲ့ပေမယ့်   MNHRC အနေနဲ့ အဲဒီတောင်းဆိုချက်တွေကို  လျစ်လျူရှုကာ စစ်အုပ်စုနဲ့ ဆက်လက်ရပ်တည်နေခဲ့ကြောင်း ထောက်ပြပါတယ်။

MNHRC စစ်အုပ်စုရဲ့  ခွင့်ပြုချက်နဲ့  အကျဉ်းထောင်တွေကို  ဟန်ပြစစ်ဆေးမှုတွေ ပြုလုပ်ပြီး  အကျဥ်းချခံထားရတဲ့ နစ်နာသူများအပေါ် ငွေကြေးအမြတ်ထုတ် ချိုးဖောက်မှုများကိုလည်း  ကိုယ်တိုင်ကိုယ်ကျ ကျူးလွန်နေတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဒေသတွင်းနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဖိုရမ်တွေနဲ့ အစည်းအဝေးတွေကို  မြန်မာပြည်ကိုယ်စားပြု လူ့အခွင့်အရေးကော်မရှင်အဖြစ် အရှက်တရား ကင်းမဲ့စွာ ဆက်လက်ကိုယ်စားပြု တက်ရောက်နေပြီး စစ်အုပ်စုရဲ့ နိုင်ငံရေး တရားဝင်မှု ရရှိလာရေးအတွက် နိုင်ငံတကာမှာ ဝါဒဖြန့်ချိရေး ယန္တရားအဖြစ် လုပ်ဆောင်နေတယ်လို့ ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် (MNHRC) ရဲ့ ရပ်တည်ချက်၊ လုပ်ရပ်တွေဟာ  မြန်မာပြည်သူလူထုရဲ့  ဖက်ဒရယ်ဒီမိုကရေစီ အရေးတော်ပုံကို ထိခိုက်ဆုတ်ယုတ်စေတဲ့အပြင် နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ မညီဘူးလို့ ဆိုပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတွေကို  အမှီအခိုကင်းကင်း လွတ်လပ်မျှတစွာ ကာကွယ်၊ မြှင့်တင်ပေးနိုင်တဲ့  နိုင်ငံအဆင့် လူ့အခွင့်အရေးကော်မရှင် အသစ်တရပ်နဲ့ အစားထိုးဖို့  အရေးတကြီး လိုအပ်နေပြီလို့ ထောက်ပြထားပါတယ်။

ပြည်သူတွေအနေနဲ့လည်း စစ်အုပ်စုရဲ့ ထောက်တိုင်ဖြစ်တဲ့  MNHRC ကို ကန့်ကွက်ရှုတ်ချပြီး လူ့အခွင့်အရေး စံချိန်စံနှုန်းတွေကို  လေးစားလိုက်နာတဲ့  နိုင်ငံအဆင့် လူ့အခွင့်အရေးကော်မရှင် အသစ်တရပ် ပေါ်ပေါက်လာရေး  ပါဝင်အားဖြည့်ကြဖို့ တိုက်တွန်းထားပါတယ်။

အမျိုသားညီညွတ်ရေးအစိုရ (NUG) အနေနဲ့လည်း  MNHRC ကို ဖျက်သိမ်းပြီး ပြည်ထောင်စုလူ့အခွင့် အရေးကော်မရှင် အသစ်တရပ်ကို  ဖွဲ့စည်းထူထောင်ဖို့ တောင်းဆိုထားပါတယ်။

ရက်ပေါင်း ၅၅၁ ရက်အတွင်း အာဏာသိမ်းစစ်အုပ်စုဟာ  ကလေးသူငယ် အပါအဝင် အပြစ်မဲ့ပြည်သူဦးရေ ၂,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး သူတို့ရဲ့ ရုပ်သေးတရားရုံးမှ မတရားစီရင်အမိန့်ချမှတ်ထားတဲ့  ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ၄ ဦးကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။

စစ်အာဏာသိမ်းဖို့ ကြိုးပမ်းမှုကို  ဆန့်ကျင်ကန့်ကွက်တဲ့ အရပ်သားအယောက် ၁၁,၉၀၀ ကျော်ကိုလည်း စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013