
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်ကောင်စီက စီစဉ်ကျင်းပနေတဲ့ (၂၃) ကြိမ်မြောက် ဆို ၊ က၊ ရေး၊ တီးပြိုင်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ မုံရွာတောင်ရပ်ကွက် ဘိုးဘွားရိပ်သာအဝိုင်းပတ်အနီးမှာ စိုက်ထူထားတဲ့ ကြော်ငြာဆိုင်းဘုတ်ကို ဩဂုတ် ၇ ရက်ညနေမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့က မီးရှို့ဖျက်ဆီးလိုက်ပါတယ်။
နွေဦးသစ္စာပြောက်ကျားတော်လှန်ရေးအင်အားစု အဖွဲ့ဝင်တစ်ဦးက"တနိုင်ငံလုံး သောကတွေ အတိနဲ့ ဒုက္ခခံစားနေရတဲ့ အခြေအနေကို အကြမ်းဖက်စစ်ကောင်စီက သူတို့အုပ်ချုပ်မှုအောက်မှာ နိုင်ငံအေးချမ်းသာယာဖွံ့ဖြိုးတိုးတက်နေပါပြီဆိုတဲ့ စကားလုံးတွေနဲ့ မလိမ့်တပတ် လိမ်ညာဖို့အတွက် အနုပညာရှင်တွေကို အသုံးချနေတာ။ ဒါကို အနုပညာရှင်တွေအနေနဲ့ သဘောပေါက်စေချင်တယ်။ ကျနော်တို့အနေနဲ့ စစ်ကောင်စီရဲ့ လှည့်ကွက်တွေကို ချေဖျက်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်" လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဖြစ်တဲ့ ပြောပါတယ်။
ဆို၊က၊ရေး၊တီး ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြသူတွေ၊ အမှတ်ပေးဒိုင်အဖြစ် ဆောင်ရွက်နေကြသူတွေအားလုံး ပြိုင်ပွဲမှ နုတ်ထွက်ပေးကြဖို့လည်း တော်လှန်ရေးအင်အားစုတွေက ကြေညာချက်ထုတ် တောင်းဆိုထားပါတယ်။
ဆို၊က၊ရေး၊တီး ခရိုင်အဆင့်ပြိုင်ပွဲကို မုံရွာမြို့ မြသလ္လာ ခန်းမမှာ ဩဂုတ် ၆ ရက် မနက်က စတင်ကျင်းပခဲ့တာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတာဝန်ရှိသူတွေက လာရောက်ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။