DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်ကို လက်နက်တင်ပို့ရောင်းချမှု ရပ်တန့်ရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလညီလာခံတွင် တောင်းဆို
DVB
·
August 6, 2022
မြန်မာစစ်တပ်ကို လက်နက်တင်ပို့ရောင်းချမှု ရပ်တန့်ရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလညီလာခံတွင် တောင်းဆို
Donate to DVB

မြန်မာစစ်တပ်ကို လက်နက်ရောင်းချပေးနေတဲ့ နိုင်ငံတွေအနေနဲ့ လက်နက်တင်ပို့ရောင်းချမှုတွေ ရပ်တန့်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

ဩဂုတ် ၄ ရက်က နယူးယောက်မြို့မှာ ကျင်းပတဲ့ နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်အဖွဲ့ဝင်နိုင်ငံတွေရဲ့  လုပ်ဆောင်မှုတွေ ပြန်လည်သုံးသပ်ရေးဆိုင်ရာ (၁၀) ကြိမ်မြောက်ညီလာခံ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုအစီအစဉ်မှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက  မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ လူ့အခွင့်အရေးကောင်စီရဲ့ တိုက်တွန်းချက်အတိုင်း မြန်မာစစ်တပ်သို့ လက်နက်ရောင်းချပေးနေတဲ့ နိုင်ငံတွေအနေနဲ့ လက်နက်တင်ပို့ရောင်းချမှုတွေ ရပ်တန့်ပေးဖို့ တောင်းဆိုကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးနဲ့ မပြန့်ပွားရေးဆိုင်ရာ ကတိကဝတ်တွေကို ဆက်လက် အပြည့်အဝလိုက်နာ ဆောင်ရွက်သွားမှာဖြစ်ပြီး နျူကလီးယားကင်းစင်တဲ့ ကမ္ဘာကြီးတည်ထောင်ရေးမှာ ဆက်လက်ပါဝင်ဆောင်ရွက်သွားမယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံဟာ လွန်ခဲ့သော ၅ နှစ်အရပ်သားအစိုးရလက်ထက်မှာ စစ်တပ်က သူတို့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိခဲ့ပေမဲ့ အရပ်သားအစိုးရအနေနဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို အဓိကဦးစားပေးလုပ်ငန်းအဖြစ် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။

နျူကလီးယားနဲ့ပတ်သက်တဲ့ နိုင်ငံတာစာချုပ်တွေဖြစ်တဲ့  Convention on Nuclear Safety နဲ့ Convention on the Physical Protection of Nuclear Materials   စာချုပ်မှာ ၂၀၁၆ ခုနှစ်က လည်းကောင်း၊ CTBT စာချုပ်ကို ၂၀၁၇ ခုနှစ်မှာ လည်းကောင်း အတည်ပြုလက်မှတ်ထိုးခဲ့သလို TPNW ကိုလည်း  ၂၀၁၈ ခုနှစ်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း၊ နျူကလီးယားလက်နက် ဖျက်သိမ်းရေးနဲ့ နျူကလီးယားစွမ်းအင် ငြိမ်းချမ်းစွာအသုံးပြုရေးတို့နဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ၊ သင်တန်းများစွာ ကျင်းပခဲ့ပေမဲ့ ဒီလိုကြိုးပမ်းဆောင်ရွက်မှုတွေ အားလုံးဟာ စစ်တပ်ရဲ့ တရားမဝင်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ခြိမ်းခြောက်ခံရမှုအဖြစ် ရှိနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

မြန်မာစစ်တပ်ဟာ နျူကလီးယား လက်နက်ဖျက်သိမ်းရေးနဲ့ မပြန့်ပွားရေးလုပ်ငန်းစဉ်တွေမှာ ဘယ်အခါကမှ မိတ်ဖက်ကောင်းမဖြစ်ခဲ့တာကို  သမိုင်းမှာ ပြန်ကြည့်နိုင်ကြောင်း၊ စစ်တပ်အာဏာသိမ်းမှုကြောင့် အရပ်သားအစိုးရရဲ့ TPNW အား အတည်ပြု ပါဝင်ရေး ကြိုးပမ်းမှုမှာလည်း ထိခိုက်ခဲ့ရကြောင်း၊ တရားမဝင် အာဏာသိမ်းစစ်တပ်က နျူကလီးယား ဖျက်သိမ်းရေးနဲ့ ပတ်သက်လို့  အရင်အရပ်သားအစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့မှုတွေကို ဖျက်ဆီးခြင်း မပြုနိုင်ရန်အလို့ငှာ တရားမဝင်စစ်တပ်အား နိုင်ငံတကာအသိုင်းအဝိုင်းက စောင့်ကြည့်ပေးဖို့ တိုက်တွန်းကြောင်းလည်း သံအမတ်ကြီးက ပြောကြားသွားပါတယ်။

နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်အဖွဲ့ဝင်နိုင်ငံတွေရဲ့ လုပ်ဆောင်မှုတွေ ပြန်လည်သုံးသပ် ရေးဆိုင်ရာ (၁၀) ကြိမ်မြောက် ညီလာခံကို နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ  ဩဂုတ် ၁ ရက်ကနေ ၄၆ ရက်အထိ ကျင်းပနေတာဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာ့နေရာအနှံ့အပြားမှာ နျူးကလီးယားလက်နက် အရေအတွက် ၂၇,၀၀၀ အထိ ရှိနေပြီး ဆက်လက် ထုတ်လုပ်မှုတွေလည်းရှိနေကာ ဒီလက်နက်တွေ တည်ရှိနေတာဟာ မိမိတို့ရဲ့ လူနေမှုဘဝတွေကို ဖျက်ဆီးရန်အတွက်ဖြစ်ကြောင်း၊ နျူကလီးယား လက်နက်အန္တရာယ်ဟာ သဘာဝပတ်ဝန်းကျင်၊ လူသားချင်းစာနာမှု၊ စီးပွားရေး အကျပ်အတည်းနဲ့ ကျန်းမာရေးကဏ္ဍအပါအဝင် ကဏ္ဍများမှာ နောက်ဆက်တွဲဘေးအန္တရာယ်တွေ ဖြစ်ပွားလာမယ်လို့ မြန်မာသံအမတ်ကြီးက ပြောပါတယ်။

နျူကလီးယားစွမ်းအင် ငြိမ်းချမ်းစွာအသုံးပြုရေးအတွက် International Atomic Energy Agency, IAEA ရဲ့ ညွှန်ကြားချက်တွေကို အပြည့်အဝလိုက်နာဖို့ လိုအပ်ရာ မြန်မာနိုင်ငံအနေနဲ့   ဆက်လက်ထောက်ကူသွားမှာဖြစ်ပြီး နျူကလီးယားအသုံးပြုတိုက်ခိုက်မှုကို မြန်မာနိုင်ငံအနေတဲ့ ရှုတ်ချကြောင်း၊ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်တင်မှု အရေအတွက်မှာ စိုးရိမ်ဖွယ်ရာ ဖြစ်ပြီး ဒီအစီအစဉ်ဟာ ဒေသတွင်းလုံခြုံရေးနဲ့ သန်းပေါင်းများစွာသော မြောက်ကိုရီးယား ပြည်သူတွေရဲ့ နေထိုင်မှုအတွက် အန္တရာယ်ဖြစ်လာမှာကို  စိုးရိမ်ကြောင်းသံအမတ်ကြီးက ကုလသမဂ္ဂညီလာခံမှာ ပြောကြားသွားပါတယ်။

Photo- NUG

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013