DVB Logo
Home
မြန်မာသတင်း
ဒေါ်လာစျေး ကျပ် ၂၁၀၀ သို့ စစ်ကောင်စီဗဟိုဘဏ်ပြောင်းလဲသတ်မှတ်၊ ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ကျပ်ငွေဖြင့် လဲလှယ်ရမည်
DVB
·
August 5, 2022
ဒေါ်လာစျေး ကျပ် ၂၁၀၀ သို့ စစ်ကောင်စီဗဟိုဘဏ်ပြောင်းလဲသတ်မှတ်၊ ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ကျပ်ငွေဖြင့် လဲလှယ်ရမည်
Donate to DVB

စစ်ကောင်စီဩဇာခံ ဗဟိုဘဏ်က ပြီးခဲ့တဲ့ ဧပြီလဆန်းကတည်း ပုံသေသတ်မှတ်ထားတဲ့ တဒေါ်လာ ကျပ် ၁၈၅၀ ငွေလဲနှုန်းကို သြဂုတ် ၅ ရက် ဒီကနေ့မှာ ကျပ်  ၂၁၀၀ အထိ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။

တိုးမြှင့်သတ်မှတ်ကြောင်းကို တရားဝင်စာထုတ်ထားတာ မတွေ့ရှိရသေးပေမဲ့ ဗဟိုဘဏ်ရဲ့ တရားဝင် ဝက်ဆိုက်မှာတော့  သြဂုတ် ၄ ရက်နေ့အထိ တဒေါ်လာကို ကျပ် ၁၈၅၀လို့ ဖော်ပြထားရာကနေ  ဒီနေ့မှာတော့ ကျပ်  ၂၁၀၀ လို့ ပြောင်းလဲ ဖော်ပြထားတာပါ။

တချိန်တည်းမှာပဲ  ပို့ကုန်ရငွေနဲ့ပတ်သက်တဲ့ နိုင်ငံခြားငွေကြေးဆိုင်ရာ စည်းကမ်းချက်တွေကို ပြန်လည်ပြင်ဆင် သတ်မှတ်ကြောင်း ညွှန်ကြားချက်တစ်စောင်ကို ဗဟိုဘဏ်က ဩဂုတ် ၅ ရက် နေ့စွဲနဲ့  ထပ်မံ ထုတ်ပြန်ခဲ့ပါတယ်။

အရင်က ပို့ကုန်တင်ပို့သူတွေရရှိတဲ့ ပို့ကုန်ရငွေအားလုံးကို ဗဟိုဘဏ်သတ်မှတ်ငွေလဲနှုန်းနဲ့ မဖြစ်မနေ လဲလှယ်ဖို့ ညွှန်ကြားချက်ထုတ်ထားရာကနေ ဒီကနေ သြဂုတ် ၅ ရက်က စတင်ပြီး  ပို့ကုန်ရငွေ ပမာဏရဲ့ ၆၅ ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေနဲ့ မဖြစ်မနေလဲလှယ်ဖို့ ပြင်ဆင်သတ်မှတ်လိုက်တာပါ။

ဒါကြောင့် ပို့ကုန်တင်ပို့သူတွေအနေနဲ့ ကျန်ရှိတဲ့ ၃၅ ရာခိုင်နှုန်းကို နိုင်ငံခြားငွေစာရင်းအတွင်း လက်ဝယ်ထားရှိနိုင်တော့မှာ ဖြစ်ပါတယ်။ 

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက“ပို့ကုန်ရငွေတွေ အကုန်လုံးကို တစ်ဒေါ်လာ ၁၈၅၀ စျေးနဲ့ လဲပြီး သိမ်းနေရာကနေ အကုန် မသိမ်းတော့ဘဲ  ၆၅ ရာခိုင်နှုန်းပဲ လဲလှယ် သိမ်းဆည်းမယ်။ ကျန်တဲ့ ၃၅ ရာခိုင်နှုန်း ကို သွင်းကုန်သွင်းတဲ့သူတွေကို Account Transfer စာရင်းလွှဲပြောင်း ရောင်းချခွင့် ပေးမှာလား၊ မပေးဘူးလား၊ မပါသေးဘူး။ စာရင်းပြောင်း ရောင်းချခွင့် ပြုမယ်လို့တော့ ယူဆရပါတယ်။ ဒါမှ သွင်းကုန်သမားတွေ အတွက်လည်း အသက်ရှုပေါက် ရမှာပေါ့။ နိုင်ငံခြားကနေ ဘာမှ မသွင်းနဲ့လို့ တံခါးပိတ် နေလို့မှ မရတာ”လို့ ပြောပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ဟာ  ပြည်တွင်းမှာနေထိုင်သူတွေ ပိုင်ဆိုင်တဲ့ ပြည်ပက ၀င်ရောက်လာတဲ့ဒေါ် လာငွေတွေကို သတ်မှတ်နှုန်းထား တဒေါ်လာ ၁၈၅၀ ကျပ်နဲ့ မဖြစ်မနေလဲလှယ်ဖို့  ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်း ကစတင်ပြီး ညွှန်ကြားချက်ထုတ် ကန့်သတ်ခဲ့ပါတာ။ 

စစ်ကောင်စီရဲ့ ဒေါ်လာငွေလဲနှုန်းသေထားရှိမှု၊ ပို့ကုန်ရငွေတွေကို  ငွေလဲနှုန်း ပုံသေသတ်မှတ် နှုန်းထားနဲ့တွက်ပြီး  မဖြစ်မနေ မြန်မာကျပ်ငွေ ပြောင်းလဲစေခြင်းအပြင် နောက်ဆက်တွဲထုတ်ပြန်လာတဲ့ ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်ချက်တွေက ပြည်တွင်းက ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တွေ အခက်တွေ့စေခဲ့ပါတယ်။

စစ်ကောင်စီက နိုင်ငံခြားငွေကြေးကို  တစ်ဒေါ်လာ ၁၈၅၀ ကျပ်နှုန်းနဲ့ ထိန်းချုပ်ထားပြီး၊ စျေးကွက်အတွက် လိုအပ်တဲ့ဒေါ်လာငွေကို မရောင်းချပေးနိုင်တာကြောင့် ပြင်ပမှာ ဒေါ်လာမှောင်ခို စျေးကွက် ပီပီပြင်ပြင် ဖြစ်ပေါ် လာခဲ့ပြီး ဒေါ်လာနဲ့ ဝယ်ယူရတဲ့ ဆေးဝါး၊ စားသောက်ကုန်၊ လူသုံးကုန်၊ ကုန်ကြမ်းပစ္စည်းစတဲ့ သွင်းကုန်တွေဟာ နောက်ဆက်တွဲအနေနဲ့ စျေးနှုန်းထပ်မံ မြင့်တက်ခဲ့ပါတယ်။  ဒီကနေ့ ပြင်ပစျေးကွက်မှာ ဒေါ်လာပေါက်စျေးက ၂၇၀၀ ၀န်းကျင်အထိ ဖြစ်ခဲ့ပါတယ်။

ဗဟိုဘဏ်အနေနဲ့ ရည်ညွှန်းစျေးကို တဒေါ်လာ ကျပ်  ၂၁၀၀ အထိ ဆွဲတင်လိုက်တာက ရည်ညွှန်းစျေးနဲ့ ပြင်ပစျေးကွက် ပေါက်စျေး အရမ်းဟနေတာကို နည်းနည်း ဆွဲကပ်လိုက်တာလို့ မြင်မိကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြု ပါတယ်။

လက်ရှိ အချိန်မှာ မြန်မာငွေတန်ဖိုး ဆက်တိုက်ကျနေတာကြောင့်  ဒေါ်လာနဲ့အပြိုင် ရွှေစျေးကလည်း ပြင်ပစျေးကွက်မှာ ရွေတစ်ကျပ်သားကို ကျပ် ၂၄ သိန်း အထက်ထိ  စံချိန်တင် မြင့်တက်နေပါတယ်။

ပြင်ပဈေးကွက်မှာ နိုင်ငံခြားငွေလဲနှုန်းကလည်း အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၂၅၀၀ ကျော်ကနေ ၂၈၀၀ လောက်ထိရှိနေတယ်လို့ ပြောဆိုနေကြပေမယ့် အမှန်တကယ် အရောင်းအဝယ်ဖြစ်တဲ့ ဈေးနှုန်း မဟုတ်တဲ့ အတွက် ကြိုက်ရောင်းကြိုက်ဝယ် ပုံစံ ဖြစ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013