DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ဂျပန်အထည်ချုပ်စက်ရုံ Honeys ထပ်ဖွင့်မည့်အပေါ် အလုပ်သမားအရေးလှုပ်ရှားသူများ ကန့်ကွက်
DVB
·
August 5, 2022
မြန်မာနိုင်ငံတွင် ဂျပန်အထည်ချုပ်စက်ရုံ Honeys ထပ်ဖွင့်မည့်အပေါ် အလုပ်သမားအရေးလှုပ်ရှားသူများ ကန့်ကွက်
Donate to DVB

၂၀၁၇ ခုနှစ်တုန်းက မြန်မာအလုပ်သမား ၄၀၀ ကျော်ကို နစ်နာကြေးမပေးဘဲ အလုပ်ထုတ်ခဲ့တဲ့ ဂျပန်နိုင်ငံသားပိုင် Honeys အထည်ချုပ်စက်ရုံက ကန်ဒေါ်လာ ၁၁ သန်း ရင်းနှီးမြှုပ်နှံပြီး မြန်မာနိုင်ငံမှာ စက်ရုံအသစ် ထပ်ဖွင့်မယ့်ကိစ္စကို မြန်မာအလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေက အပြင်းအထန် ကန့်ကွက်လိုက်ပါတယ်။

၂၀၁၇ ခုနှစ်တုန်းက သမဂ္ဂဖွဲ့ပြီး အလုပ်သမားအခွင့်အရေး တောင်းဆိုဖို့ ကြိုးစားရာမှာ ပါဝင်ခဲ့တဲ့ စက်ရုံလုပ်သား ၄၀၀ ကျော်ကို Honeys စက်ရုံက နစ်နာကြေး တစုံတရာမပေးဘဲ အလုပ်ထုတ်ခဲ့တာပါ။ 

အဲဒီကိစ္စအတွက် အပြန်အလှန် တရားစွဲဆိုမှုတွေရှိခဲ့ပြီး လက်ရှိအချိန်အထိ ပြေလည်မှုမရခဲ့ဘဲ စစ်ကောင်စီ အာဏာသိမ်းပြီးချိန်မှာ နောက်ထပ် စက်ရုံအသစ်ဖွင့်ဖို့ ကုမ္ပဏီဘက်က ပြင်ဆင်လာတာပါ။ 

ပုံမှန်အချိန်မှာတောင် အလုပ်သမား အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့တဲ့ Honeys စက်ရုံဟာ စစ်ကောင်စီ အာဏာသိမ်းချိန်မှာ စက်ရုံအသစ်ထောင်ဖို့ ကြိုးစားတာဟာ ရိုးသားမှုမရှိဘူးလို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတယောက်က ပြောပါတယ်။

“ဟန်းနီး One နဲ့ Two မှာတောင် အလုပ်သမားအခွင့်အရေး အများကြီးချိုးဖောက်ထားတာ။ နောက်ထပ်တရုံ လာဖွင့်ရင် ထပ်ချိုးဖောက်ဖို့ပဲရှိတယ်။ စစ်ကောင်စီလက်ထက်မှာ စက်ရုံအသစ်တွေ ထပ်မတိုးစေချင်တာ။ ဟန်းနီးစက်ရုံ အမေရိကန်ဒေါ်လာ ၁၁ သန်း ရင်းနှီးမြှုပ်နှံပြီး ပြန်ဖွင့်မယ်ဆိုတော့ စစ်ကောင်စီလက်ဝေခံ သတင်းဌာနတွေမှာလေ တချို့တွေက ပျော်မြူးပြနေကြတာ။ အလုပ်သမား ၄၀၀ ကျော်ကို ဘာနစ်နာကြေးမှမပေးဘဲ အလုပ်ဖြုတ်ခဲ့တာ ဒီစက်ရုံတရုံပဲရှိတယ်။ သူက လူပေါင်း ၄၀၀ ကျော်ကို ဘာနစ်နာကြေးမှမပေးဘဲ ဖြုတ်ခဲ့တာ။ ဒီလို လူ့အခွင့်အရေး အလုပ်သမား အခွင့်အရေးတွေ ချိုးဖောက်ထားတဲ့ ကုမ္ပဏီတခုက မြန်မာနိုင်ငံမှာ နောက်ထပ်စက်ရုံတခုဖွင့်ဖို့ လာတာကို ကျနော်တို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ဖို့လိုတယ်။ အလုပ်သမားအရေးနဲ့ မနီးစပ်တဲ့သူတွေက မသိဘူးဆိုရင် ကျနော်တို့က ထုတ်ဖော်ပြောဖို့လိုတယ်” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းကာစ အချိန်တွေတုန်းက ရန်ကုန်စက်မှုဇုန်တွေမှာ စက်ရုံတော်တော်များများ လုပ်ငန်းရပ်နားခဲ့ပေမဲ့ ၂၀၂၂ နှစ်ဆန်းပိုင်းကစပြီး တရုတ်စက်ရုံ ၆၀ ရာခိုင်နှုန်းကျော်ဟာ လုပ်ငန်းပြန်လည်ပတ်ခဲ့တယ်လို့ စောင့်ကြည့်နေသူတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်စက်မှုဇုန်တွေက စက်ရုံတွေမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်တာတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန ဝန်ထမ်းတွေက လုပ်ငန်းရှင်တချို့နဲ့ ပူးပေါင်းပြီး လုပ်သားတွေအပေါ် ခြိမ်းခြောက် အနိုင်ကျင့်တာတွေ ပြုလုပ်နေတယ်လို့ ရန်ကုန်မြို့ခံ အလုပ်သမားခေါင်းဆောင်တယောက်က ပြောပါတယ်။

“တခုခုဆို ဖမ်းမယ်၊ စစ်ကြောရေးကိုပို့မယ်၊ ထောင်ချမယ်၊ တရားစွဲမယ်ဆိုတဲ့ စကားတွေ တွင်တွင်ကျယ်ကျယ် ပြောလာတယ်။ ဟိုတုန်းကဆိုရင်တော့ သူတို့ကို မကျေနပ်ကြောင်း အများပြည်သူသိအောင် သူတို့ရုံးရှေ့သွားပြီး ဆန္ဒဖော်ထုတ်လိုက်လို့ရတယ်။ အခုက အဲ့ဒါတွေ လုပ်ခွင့်မရှိတဲ့ အခါကြတော့ သူတို့ကပဲ တဖက်သတ် ဖိနှိပ်နေကြတာ များနေတယ်။ အဲ့ဒါကို အလုပ်သမားတွေက မပြောနိုင်ဘူး။ အလုပ်ပြုတ်မှာကြောက်တယ်။ အလုပ်ပြုတ်သွားရင် စားဝတ်နေရေး အခက်အခဲရှိတယ်။ တာဝန်ယူမယ့်သူမရှိတော့ ဖိနှိပ်မှုအောက်မှာ ခေါင်းငုံ့ခံနေရတာပေါ့။ ဒါက စက်မှုဇုန်တွေမှာ လုပ်သားတော်တော်များများ ကြုံနေရတဲ့ကိစ္စတွေ။”

မြန်မာနိုင်ငံအတွင်း အခြေခံလုပ်သားတွေအပေါ် အခွင့်အရေး ချိုးဖောက်နေတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အလုပ်သမားရေးရာအဖွဲ့ (ILO) က စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ဖွဲ့ပြီး စုံစမ်းစစ်ဆေးမယ်လို့ သတင်းထုတ်ပြန်ခဲ့ပေမဲ့ စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြ ကန့်သတ်နေတာကြောင့် သူတို့မျှော်မှန်းထားသလို ဖြစ်မလာခဲ့ပါဘူး။ 

စစ်အာဏာသိမ်းချိန်မှာ CDM မဝင်ခဲ့တဲ့ အလုပ်သမားဝန်ကြီးဌာန ဝန်ထမ်းတွေဟာ စစ်ကောင်စီနဲ့ လက်ဝေခံလုပ်ငန်းရှင်တွေ အလိုကျ လုပ်သားတွေအပေါ် ဖိနှိပ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

အလုပ်သမားခေါင်းဆောင်တယောက်က “CDM မလုပ်တဲ့အထိ နားလည်ပေးလို့ရတယ်။ ဒါပေမဲ့ CDM မလုပ်တဲ့အပြင် အလုပ်သမားတွေအပေါ်မှာ လူဝါးဝပြီး ထပ်ဖိနှိပ်တာကတော့ ဘယ်လိုမှ သည်းမခံနိုင်ဘူး။ ဝန်ကြီးဌာန နာမည်ကိုက အလုပ်သမားဝန်ကြီးဌာနလို့ တပ်ထားတာ။ အလုပ်သမားတွေ ဖြစ်လာတဲ့ကိစ္စကို သူတို့က အရှေ့ကရပ်ပြီးတော့ ပြောနေရမှာ လုပ်ပေးနေရမှာ။ မှန်မှန်ကန်ကန် ရပ်မယ်ဆိုတဲ့စိတ်မျိုး ရှိနေရမှာ။ အခုက ဘယ်လိုဖိနှိပ်ရမလဲ ဆိုတာပဲရှိတယ် သူတို့မှာ” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီး ၁၈ လအကြာမှာ မြန်မာအလုပ်သမား ၁ သန်းကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့တယ်လို့ ILO က ဩဂုတ်လဆန်းမှာ ထုတ်ပြန်ပါတယ်။ အလုပ်သမားတွေ အလုပ်အကိုင်ဆုံးရှုံးပြီး စားဝတ်နေရေး အလွန်အကျွံ ကျပ်တည်းလာတဲ့ အခြေအနေမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် အခက်အခဲ ပိုကြုံရတယ်လို့ ILO က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

လုပ်သားတွေဟာ NLD အစိုးရလက်ထက်က နောက်ဆုံးသတ်မှတ်ခဲ့တဲ့ အနိမ့်ဆုံး လုပ်ခလစာ တရက် ငွေကျပ် ၄,၈၀၀ ကျပ်နှုန်းကို ခံစားခွင့်မရကြတော့ဘဲ လုပ်ငန်းရှင်သတ်မှတ်ပေးချေတဲ့ နည်းပါးတဲ့နှုန်းထားကိုပဲ ခံစားခွင့်ရတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013