
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ လုံးကင်း၊ ရွှေကျောင်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဩဂုတ် ၃ ရက် ညနေ ၄ နာရီလောက်က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Banmauk Revolution-BR အဖွဲ့က ထုတ်ပြန်ပါတယ်။
အင်အား ၈၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မြင်သာ၊ ညောင်ကိုင်းဘက်မှ စစ်ကြောင်းတခု၊ လုံးကင်း၊ ရွှေကျောင်းဘက်မှာ စစ်ကြောင်းတခု၊ ဗန်းမောက်တောင်ပိုင်းကို စစ်ကြောင်းနှစ်ခု စစ်ကြောင်းထိုးလာတယ်လို့ ဆိုပါတယ်။
ပြောက်ကျာတပ်တွေဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်။ စစ်ကောင်စီတပ်တွေဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ မသိရှိရသေးဘူးလို့ BR အဖွဲ့ကပြောပါတယ်။
ဩဂုတ် ၂ ရက်ကလည်း ဗန်းမောက်မြို့နယ်၊ ကျွဲကောကြီးကျေးရွာနဲ့ ဆင်ကန်ရွာကြား စစ်ကြောင်းထိုးနေတဲ့ စကစတပ်ဖွဲ့တွေကို ဗန်းမောက်မြို့နယ်ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့က ထိထိမိမိ မိုင်းဆွဲတိုက်ခိုက်ရာ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိနိုင်တယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။