
ထိုင်းနိုင်ငံမှာ ၂၀၂၆ ခုနှစ် မတ်လကနေ ဧပြီလအတွင်း စက်ရုံ၊ အလုပ်ရုံတွေကနေ အလုပ်သမားတွေ ထောင်နဲ့ချီ အလုပ်ဖြုတ်ခံနေရပြီး၊ ဒီကာလမှာ သက်တမ်းတိုးနေတဲ့ အလုပ်သမားတွေ အလုပ်သစ်ရှာဖို့ အခက်အခဲတွေ ကြုံနေရပါတယ်။
ထိုင်းမှာ ၂၀၂၆ ခုနှစ် မတ်လကနေ ဧပြီလအထိ တလကျော်အတွင်း စက်ရုံ၊ အလုပ်ရုံတွေကနေ အလုပ်သမားတွေကို ကြိုတင်အကြောင်းမကြားဘဲ အစုလိုက်အပြုံလိုက် အလုပ်ဖြုတ်ခံရတာ ထောင်နဲ့ချီ ရှိနေပြီလို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေး ကူညီပေးသူတွေဆီက သိရပါတယ်။
အလုပ်သမားအဖွဲ့တွေရဲ့ ပြောပြချက်အရ ထိုင်းက စက်ရုံအများစုမှာ အော်ဒါရရှိမှု နည်းပါးတာ၊ စက်သုံးဆီဈေး တက်တာနဲ့ ကုန်ကျစရိတ် ဈေးတက်တာကြောင့် အလုပ်သမားတွေကို ဆက်တိုက် လျှော့ချနေတာ ဖြစ်ပါတယ်။ အလုပ်သမားအသစ်တွေကိုလည်း အမြဲတမ်းလုပ်သားအနေနဲ့ မခေါ်ဘဲ နေ့စားလုပ်သားအဖြစ်သာ ခေါ်ယူတာ ပိုများလာပါတယ်။
WAG အလုပ်သမား မဟာမိတ်အဖွဲ့မှ ကိုမုန်တိုင်းက “ကျနော်တို့ ၃ လပိုင်းကနေ ၄ လပိုင်းအထိကို အလုပ်သမားတွေ အလုပ်ဖြုတ်ခံရတာ လူဦးရေ ၁,၀၀၀ နီးပါးလောက်ရှိပြီ။ ဒါ ကျနော်တို့ကို တိုင်ထားတဲ့ ပမာဏပေါ့။ အလုပ်သမားတွေ ဒီအချိန်မှာ အလုပ်ဖြုတ်ခံရတော့ အလုပ်တွေက ရှားပါးတယ်။ ဒီကာလမှာက စာရွက်စာတမ်း လုပ်နေရတဲ့ ကာလဖြစ်တယ်။ ပြီးရင် ဘတ်အသစ် ရိုက်နေတဲ့အချိန်မှာ စာရွက်စာတမ်းတွေ မပြည့်စုံသေးဘူး။ မပြည့်စုံသေးတဲ့ ကာလမှာ ဒီလိုမျိုးကြီး ရုတ်တရက် အလုပ်ဖြုတ်လိုက်ပြီဆိုရင် စာရွက်စာတမ်း မစုံတာ ပြဿနာတခု ကြုံရတယ်။ ပြီးရင် အလုပ်တခုခု ပြောင်းဖို့ဆိုရင် ကြားမှာ ပွဲစားတွေနဲ့ စမတ်ကြေး (အလုပ်သွင်းပေးခ) တွေ ၇,၀၀၀၊ ၈,၀၀၀ ဘတ် ပေးရတာတွေ ရှိတယ်။ အခန်းခတွေ ရှိတယ်။ အဲဒီတော့ အလုပ်သမားတွေမှာ အခက်အခဲတွေ အများကြီး ကြုံတွေ့နေရတယ်”လို့ ပြောပါတယ်။
အလုပ်သမားတွေဟာ စက်ရုံတွေမှာ အလုပ်ရဖို့ စကားပြန် (ပွဲစားတွေကို) အလုပ်သွင်းပေးခ (စမတ်ကြေး) တယောက်ကို ဘတ် ၅,၀၀၀ ဝန်းကျင်ကနေ ၇,၀၀၀၊ ၁၀,၀၀၀ ကျော်အထိ ဝန်ဆောင်ခ ပေးကာ အလုပ်ဝင်နေရတယ်လို့ ဆိုပါတယ်။
အလုပ်ရုံတွေမှာ အလုပ်ဝင်ပြီး ၂ လ၊ ၃ လကနေ ၆ လကြာတဲ့အခါ အကြောင်းအမျိုးမျိုးနဲ့ စက်ရုံဘက်က အလုပ်ထုတ်ခံရတဲ့အခါ အလုပ်မဝင်ခင် ပေးသွင်းထားတဲ့ စမတ်ကြေးပါ ဆုံးရှုံးရပြီး၊ အလုပ်သစ်ရဖို့လည်း အထောက်အထား အပြည့်အစုံ ရှိဖို့လိုတဲ့အတွက် အခုလို သက်တမ်းတိုးကာလမှာ အလုပ်သစ်ရဖို့ ခက်ခဲနေကြတာပါ။
အလုပ်ထုတ်ခံရသူတယောက်က “အခု ထုတ်ခံရတဲ့ထဲမှာ အဆင်မပြေတဲ့သူ တော်တော်များတယ်။ တချို့က ၃၁ ရက် ၃ လ သက်တမ်းတိုးသမား ရှိတယ်။ တချို့က MoU ၄ နှစ်သမားလည်း ရှိတယ်။ တချို့က ဗီဇာသက်တမ်း ၁ လပဲ ကျန်တဲ့သူလည်း ရှိတယ်။ သက်တမ်းတိုးသမားတွေဆိုရင် အလုပ်ကို အခြားအလုပ်ကို ပြောင်းလို့မရတာ သူဌေး(ကျန့်ခေါက်)လို့ မရတာတွေ ရှိတယ်။ စာရွက်စာတမ်း အခက်အခဲတွေ အများကြီးပေါ့။ ပြီးတော့ သူတို့ကို အလုပ်ထွက်ခဲ့ရင် ကျန့်အော် (အလုပ်ရှင်က ထုတ်ပေးတဲ့ အလုပ်ထွက်ကြောင်း ထောက်ခံစာ) ထုတ်ပေးလား မေးတော့ ထုတ်ပေးတယ်။ ကျန့်အော် ထုတ်ပေးခ ၁,၅၀၀ လို့ ပြောတယ်။ အဲဒီလို အခြေအနေလည်း ရှိတယ်။ တချို့ဆိုရင် အလုပ်ဝင်တာ ၂ လ၊ ၃ လ သမားတွေဆိုရင် လုပ်ခလစာ မရကြသေးဘူး။ စားစရာ မရှိတဲ့သူတွေလည်း ရှိတယ်။ အကုန်လုံး ဝိုင်းဝန်းပြီးတော့ ကူညီပေးထားကြတာပေါ့” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဆုန်ခရန်ကာလမှာလည်း ထိုင်းနိုင်ငံ၊ ပါကျင်ဘူလီက အဲကွန်းစက်ရုံတရုံမှာ မြန်မာအလုပ်သမား ၆၀၀ ကျော်ကို အကြောင်းမဲ့ အလုပ်ရပ်နားခဲ့ပါတယ်။ အဲဒီအလုပ်သမားတွေဟာ အလုပ်ရဖို့ ပွဲစားတွေကို စမတ်ကြေး ၅.၅၀၀ ဘတ်ကနေ ၇.၅၀၀ အထိ ပေးခဲ့ရတာပါ။
ဒါ့အပြင် ဧပြီလအတွင်း ချွန်ပူရီခရိုင်ထဲရှိ အီလက်ထရောနစ် စက်ရုံ၊ ကြက်သား စက်ရုံတို့မှာလည်း အလုပ်သမားတွေ အစုလိုက်အပြုံလိုက် ရာနဲ့ချီ အလုပ်ဖြုတ်ခံခဲ့ရပါတယ်။
လက်ရှိ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ အလုပ်အကိုင် မတည်မငြိမ် ဖြစ်နေပြီး၊ စာရွက်စာတမ်း အခက်အခဲတွေနဲ့ အလုပ်သမား အခွင့်အရေး အကူအညီတွေ ပိုလိုအပ်နေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။










