DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် ၉ လအတွင်း မြန်မာအလုပ်သမားထောင်ချီ အလုပ်ဖြုတ်ခံရ
ဇွဲသစ်
·
September 28, 2026
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ WAG က အလုပ်သမားအရေး ကူညီပေးစဉ်။ (ဓာတ်ပုံ - WAG)
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ WAG က အလုပ်သမားအရေး ကူညီပေးစဉ်။ (ဓာတ်ပုံ - WAG)
Donate to DVB

ထိုင်းက လုပ်ငန်းခွင်တချို့မှာ အလုပ်သမားတွေကို ကြိုတင်အကြောင်းမကြားဘဲ ရုတ်တရက် အလုပ်ရပ်နားတာကြောင့် အလုပ်သမားတွေဟာ လုပ်အားခမရဘဲ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရပါတယ်။

၂၀၂၆ နှစ်စကနေ စက်တင်ဘာလအထိ ၉ လအတွင်း အလုပ်သမား ထောင်နဲ့ချီ အလုပ်ဖြုတ်ခံနေရပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မီးကြိုးစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၄၈ ယောက်ဟာ ဧပြီ ၅ ရက်ကစပြီး အလုပ်ပုံမှန် မဆင်းရတော့ဘဲ လုပ်အားခ မမှန်တာကြောင့် စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရပါတယ်။

အဲဒီအလုပ်သမားတွေထဲမှာ CI နဲ့ ပန်းရောင်ကတ် ကိုင်ဆောင်ထားသူ အမျိုးသား ၂၁ ယောက်နဲ့ အမျိုးသမီး ၂၇ ယောက် ပါဝင်ပြီး စက်ရုံမှာ လုပ်သက် ၁ နှစ်ကနေ ၉ နှစ်အထိ ရှိသူတွေ ဖြစ်ပါတယ်။

လုပ်အားခ မမှန်တာနဲ့ အလုပ်ပုံမှန် မဆင်းရတာကြောင့် အလုပ်သမားတွေဟာ အခန်းခ၊ မီးခ၊ ရေခနဲ့ စားသောက်စရိတ်တွေကို ပုံမှန်မဖြေရှင်းနိုင်တော့ဘဲ အခက်အခဲဖြစ်နေတယ်လို့ WAG အလုပ်သမား မဟာမိတ်အဖွဲ့ဆီက သိရပါတယ်။

WAG - အလုပ်သမား မဟာမိတ်အဖွဲ့ တာဝန်ခံ ကိုမုန်တိုင်းက “အလုပ်သမားတွေကို အကြောင်းမဲ့တွေ အလုပ်ဖြုတ်တာတွေ များလာတယ်။ နောက်ပြီးရင် လုပ်ခလစာတွေ မပေးဘဲနဲ့ အလုပ်သမားတွေကို အေဂျင်စီတွေက ကြိုတင်အကြောင်းမကြားဘဲ အလုပ်ဖြုတ်လိုက်တာတွေ ပိုပြီးဆိုးလာတယ်။ လက်ရှိကတော့ ထိုင်းနိုင်ငံမှာ အခန်းခတွေကလည်း စျေးကြီးတယ်။ ရေခ၊ မီးခတွေလည်း တအားဈေးကြီးတယ်။ စားသောက်စရိတ် ကုန်စျေးနှုန်းတွေကလည်း မြင့်နေတဲ့ကာလ ဖြစ်တော့ ကျနော်တို့ ဒီ လုပ်ခလစာ ရမှသာ အလုပ်သမားတွေက လည်ပတ်လို့ရတာ ဖြစ်တယ်။ အခုကျတော့ သူတို့က လုပ်ခလစာတွေ မပေးဘူး၊ ရုတ်တရက် မပေးဘဲ အလုပ်ရပ်ထားလိုက်တော့ အလုပ်သမားတွေက တလတခါ အခန်းခတွေ ပိုက်ဆံရှင်းရတာကျတော့ အခန်းခတွေ မရှင်းနိုင်တော့ဘူး။ စားဖို့သောက်ဖို့အတွက်မှာလည်း ခက်ခဲမှုတွေ တွေ့လာရတယ်” လို့ ပြောပါတယ်။

အလုပ်သမားတွေ အလုပ်ရပ်နားခံရတာနဲ့ လုပ်အားခ မရတာဟာ မဲဆောက်တမြို့တည်းမှာ ကြုံနေရတာ မဟုတ်ပါဘူး။

ထိုင်းနိုင်ငံ ချွန်ပူးရီးခရိုင် နောင်ယိုင်မြို့နယ်က ကျောက်ပြားစက်ရုံမှာလည်း မြန်မာအလုပ်သမား ၅၃ ယောက်ကို စက်တင်ဘာ ၄ ရက်ကစပြီး ရုတ်တရက် အလုပ်ရပ်နားတာကြောင့် အလုပ်သမားတွေဟာ လုပ်ခလစာ မရသေးသလို လကုန်ရင် ရှင်းရမဲ့ အခန်းခနဲ့ စားသောက်စရိတ်တွေအတွက်လည်း ခက်ခဲနေကြပါတယ်။

ဒီလို အလုပ်ရပ်နားခံရတဲ့ အခြေအနေမှာ နောက်ထပ် အခက်အခဲတခုက အလုပ်အသစ်ပြောင်းဖို့ လိုအပ်တဲ့ ငွေကြေးနဲ့ စာရွက်စာတမ်း ကုန်ကျစရိတ်တွေလည်း ပါဝင်ပါတယ်။

အလုပ်ရပ်နားခံရသူ အမျိုးသမီး လုပ်သားတယောက်က “ညီမတို့ဖြစ်ချင်တဲ့ ဆန္ဒကတော့ လုပ်ခလစာတွေ အမြန်ဆုံးရချင်တာရှင့်။ ဒီ လမကုန်ခင်ပေါ့နော်။ လကုန်သွားရင် အခက်အခဲတွေ အများကြီးလာမှာ။ အဓိက နေထိုင်ဖို့နဲ့ ဒီ လုပ်ငန်းခွင်အသစ်ကို ဝင်ရောက်ဖို့အတွက်လည်း အများကြီး ခက်ခဲနေတယ်ပေါ့နော်။ ဒီဘက်မှာ လုပ်ငန်းခွင်အသစ်ကို ဝင်ရောက်ပြီဆို အေဂျင်စီတွေကို ပေးရတဲ့ ပိုက်ဆံတွေရှိတယ်။ အေဂျင်စီတွေကို ဘယ်လောက်၊ စာရွက်စာတမ်းဖိုးက ဘယ်လောက်၊ အဲဒီ အခက်အခဲတွေ ပြေလည်ဖို့က လုပ်ခလစာကို အမြန်ဆုံး ရချင်တယ်။ ထိုင်းရောက် မြန်မာတွေ အများဆုံး ကြုံနေရတဲ့ ပြဿနာကတော့ ဒီလို အလုပ်သမား အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာပေါ့။ ဒါကို အလုပ်သမားတွေအနေနဲ့ ၆၀ ရာခိုင်နှုန်းလောက်က မသိနားမလည်ကြလို့ ဒီအတိုင်းပဲ လက်လျှော့လိုက်ရတဲ့ လူတွေလည်း အများကြီးရှိတယ်ရှင့်” လို့ ပြောပါတယ်။

ထိုင်းမှာ အလုပ်ရှင်က စီးပွားရေးလုပ်ငန်းကို ယာယီရပ်နားရတဲ့ အခြေအနေမှာ အလုပ်မပေးနိုင်တဲ့ ကာလအတွင်း အလုပ်သမားတွေကို လုပ်အားခရဲ့ အနည်းဆုံး ၇၅ ရာခိုင်နှုန်း ပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်သမားတွေကို အနည်းဆုံး အလုပ်ရပ်နားမဲ့ရက်မတိုင်ခင် ၃ ရက် ကြိုတင်စာနဲ့ အသိပေးရမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ထိုင်းက စက်ရုံတချို့ရဲ့ အလုပ်ရပ်နားမှုတွေကြောင့် အလုပ်သမားတွေဟာ လုပ်အားခ မရတဲ့အပြင် အခန်းခ၊ စားစရိတ်နဲ့ အလုပ်အသစ် ရှာဖွေဖို့ပါ ငွေကြေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013