DVB Logo
Home
မြန်မာသတင်း
PMG ပုလင်းသန့်စက်ရုံဝန်ထမ်းများ ရပိုင်ခွင့်အတွက် သပိတ်မှောက်တောင်းဆိုမည်
DVB
·
August 4, 2022
PMG ပုလင်းသန့်စက်ရုံဝန်ထမ်းများ ရပိုင်ခွင့်အတွက် သပိတ်မှောက်တောင်းဆိုမည်
Donate to DVB

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာရှိတဲ့ PMG ပုလင်းသန့်စက်ရုံမှ ဝန်ထမ်းတွေက တည်ဆဲဥပဒေနဲ့အညီ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်အတွက် အလုပ်ရှင်အား စက်ရုံအတွင်းမှာ သပိတ်မှောက် တောင်းဆိုသွားမယ်လို့ အလုပ်သမားအရေးတက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

အဆိုပါစက်ရုံက ဝန်ထမ်းတွေကို မက်လုံးပေးဆွဲဆောင်တဲ့အနေနဲ့ တလလုံးမှာ ပျက်ရက်မရှိတဲ့ ဝန်ထမ်းအား ရက်မှန်ကြေးအနေနဲ့ လစာရဲ့ ၁၀ ရာခိုင်နှုန်းကို အပိုထပ်ဆောင်းပေးခဲ့ပေမယ့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာကစပြီး ကိုဗစ်ကြောင့် စက်ရုံကို ယာယီရပ်နားခဲ့ရတဲ့အချိန်ကစပြီး ရက်မှန်ကြေးကို ဖြတ်တောက်ခဲ့ပါတယ်။

ဒီအပေါ် အလုပ်သမားထုက နားလည်မှုရှိစွာနဲ့ လက်ခံပေးခဲ့ပေမယ့် စက်ရုံပြန်လည် လည်ပတ်ချိန်မှာ အလုပ်သမာ်တွေက ရက်မှန်ကြေးအား ခံစားခွင့်ပေးဖို့ တောင်းဆိုခဲ့ရာမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ လတည်းသာ ခံစားခွင့် ရရှိခဲ့ပါတယ်။ အကြောင်းရင်းက စစ်တပ်မှ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အပြောင်းအလဲတွေကို အကြောင်းပြုပြီး အလုပ်ရှင်ဘက်က ယခင်ပေးနေကျ ရက်မှန်ကြေးအား မပေးတော့ဘဲ မျက်ကွယ်ပြုထားပါတယ်။

ဒီ့အတွက်ကြောင့် အလုပ်သမားတွေက သပိတ်မှောက်မယ့် လမ်းစဉ်ကို ရွေးချယ်ထားကြတာပါ။

အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတဦးက “အဲဒီဌာနမှာ ဝန်ထမ်းက ၅၀ ကျော်ပဲ ရှိပါတယ်။ သပိတ်မှောက်မယ့်သူ အရေအတွက်က လူ ၄၀ ကျော်ဆိုတော့ တရုံလုံးနီးပါးပဲ ဆိုပါတော့။ ပြီးတော့ ဒီစက်ရုံရဲ့ နောက်ခံက ဘာရှိလဲဆိုရင် သူတို့က အဲဒီစက်ရုံကို ရောင်းတော့မှာလေ။ ရောင်းပြီး ရွှေပြည်သာဘက်ကို ရွှေ့မှာ။ ဒီတော့ အလုပ်သမားတွေက ရွှေပြည်သာဆီ မလိုက်ချင်တော့ဘူး။ ပြီတော့ သူတို့က စက်ရုံ စတည်ကတည်းက လုပ်ခဲ့တဲ့ နှစ်ကြီးသမားတွေ။ ဒီတော့ သူတို့အတွက် နစ်နာကြေးပေးစရာရှိတာ ပေးခဲ့ပေါ့နော်။ အဲဒါကို လုပ်ငန်းရှင်ဘက်က လိုက်လျောပေးတာလည်း မရှိဘူး။ လုပ်ငန်းရှင်က အလုပ်သမားတွေ စိတ်ညစ်ပြီး ထွက်သွားအောင် ဆိုပြီး ညှဉ်းပန်းနှိပ်စက်တဲ့နည်းနဲ့ လုပ်ထားတာလေ။ အလုပ်သမားတွေက အဲဒါကို ခံပြင်းနေတာ။ ဒါကြောင့် သပိတ်မှောက်မယ့် လုပ်ငန်းစဉ် ဖြစ်လာတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အခုလို စက်ရုံအတွင်းမှာ သပိတ်မှောက်မယ့် လုပ်ငန်းစဉ်က တည်ဆဲဥပဒေနဲ့အညီ အလုပ်သမားတွေဘက်က လုပ်ပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတခုလည်း ဖြစ်ပါတယ်။

သမဂ္ဂခေါင်းဆောင်တဦးက “ဒီကာလမှာ သပိတ်မှောက်ခွင့် မရှိဘူး၊ ဆန္ဒပြခွင့် မရှိဘူး ဆိုပေမယ့် ဒါက အလုပ်သမားဥပဒေအရ လုပ်တဲ့ကိစ္စသာဖြစ်တယ်။ လမ်းပေါ်တက်ပြီး နိုင်ငံရေးအရ တောင်းဆိုတာ မဟုတ်ဘူး။ အလုပ်သမားတွေက လုပ်ငန်းခွင်ထဲမှာ သူ့ရဲ့ အလုပ်ရှင်ကို သပိတ်မှောက်တာ ဖြစ်တယ်။ အဲဒီဥပဒေကိုတော့ လက်ရှိ စစ်ကောင်စီက ပိတ်ပင်ထားတာ မရှိဘူး။ ဖျက်သိမ်းထားတာ မရှိဘူး။ ဒါကြောင့် ကျမတို့က တည်ဆဲဥပဒေအရ သပိတ်မှောက်တဲ့ လမ်းစဉ်ကို သုံးတာဖြစ်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

သပိတ်မှောက်တောင်းဆိုကြမယ့် စက်ရုံဝန်ထမ်းတွေရဲ့ ဆန္ဒကတော့ အလုပ်ရှင်နဲ့ အလုပ်သမား အကြားမှာ ညှိနှိုင်း ဖျန်ဖြေရေးလမ်းကြောင်းနဲ့ အဆုံးသတ်ဖို့ မျှော်လင့်ထားကြပါတယ်။

သပိတ်မှောက်တောင်းဆိုမယ့် စက်ရုံဝန်ထမ်းတွေနဲ့ နီးစပ်တဲ့ အလုပ်သမားတဦးက “အရင်အတွေ့အကြုံအရ ရွှေပြည်သာထဲမှာ ပါတဲ့ စက်ရုံတွေထဲက အလုပ်သမားတွေနဲ့ အလုပ်ရှင်အကြား အငြင်းပွားမှု ရှိခဲ့ပြီး ခုံသမာဓိအထိ ရောက်ခဲ့ပေမယ့် အလုပ်သမားဘက်က ရှုံးခဲ့ရတယ်။ ဘာကြောင့်ရှုံးနိမ့်ရလဲဆိုရင် အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရ သုံးပွင့်ဆိုင်မှာ အလုပ်ရှင်နဲ့ အစိုးရက ပေါင်းပြီး အမြဲတမ်း ၂ မဲ ရတယ်။ အလုပ်သမားကတော့ ၁ မဲပဲ ရှိတော့ အမြဲတမ်း ရှုံးတယ်။ ဒါကြောင့် ခုံသမာဓိရဲ့ယန္တရားကိုလည်း မယုံကြည်လို့ သပိတ်မှောက်တဲ့အတွက် စက်ရုံထဲမှာပဲ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်ကို တောင်းဆိုကြမယ်။ ဒီတောင်းဆိုမှုကို သြဂုတ် ၈ ရက်နေ့မှာ လုပ်ဖို့ စီစဉ်ထားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

PMG (Peace Myanmar Group) လုပ်ငန်းစုဟာ မြန်မာနိုင်ငံမှာ ၁၉၉၃ ခုနှစ်ကတည်းက စတင်လည်ပတ်ခဲ့တာဖြစ်ပြီး အဖျော်ယမကာ နဲ့ ရေသန့်လုပ်ငန်းအပြင် ဖြန့်ချိရေးလုပ်ငန်းတွေမှာ အထင်ကရ နာမည်ရရှိထားတဲ့ ကုမ္ပဏီလုပ်ငန်းစု တခု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013