DVB Logo
Home
မြန်မာသတင်း
စစ်တပ်က စစ်ကြောင်းထိုးနေသဖြင့် ရေစကြို ရေလယ်ကျွန်းဒေသခံ ၃,၀၀၀ ခန့် စစ်ဘေးရှောင်နေရ
DVB
·
August 4, 2022
စစ်တပ်က စစ်ကြောင်းထိုးနေသဖြင့် ရေစကြို ရေလယ်ကျွန်းဒေသခံ ၃,၀၀၀ ခန့် စစ်ဘေးရှောင်နေရ
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးပြီး တပ်စွဲထားလို့ ကျေးရွာ ၄ ရွာလောက်က ဒေသခံပြည်သူ ၃,၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့  PDF တွေနဲ့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

မြင်းခြံ MG6 ပြောက်ကျားတပ်ဖွဲ့ရဲ့ ဒုတပ်ရင်းမှူး ကိုချမ်းက “ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်လောက် နေရင်း၊ မင်းရွာမှာ အထိုင်ချထားတာ။ လက်ရှိကတော့ ကျေးရွာ ၄ ရွာလောက်က ပြည်သူ ၃,၀၀၀ လောက် ပြေးနေရတာပေါ့။ နေရင်း၊ မင်းရွာ၊ ပေါက်တော၊ ပေါက်အူကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးနေရတာ တပတ်လောက်ရှိပြီဖြစ်လို့ စားနပ်ရိက္ခာတွေ တော်တော်ခက်ခဲသွားပြီ” လို့ ပြောပါတယ်။

လတ်တလောမှာတော့ MG6 ပြောက်ကျားတပ်ဖွဲ့အနေနဲ့ ​သြဂုတ် ၂ ရက်မှာ သားဟင်းတမျိုးနဲ့ အရံဟင်း ၂ မျိုးပါဝင်တဲ့  ထမင်းဘူး ၂,၈၀၀ လောက် စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပံ့ပေးခဲ့သလို သြဂုတ် ၃ ရက် မနက်ပိုင်းမှာလည်း ထမင်းဘူး ၅၀၀ ဝေငှခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ်လည်း စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးဖို့ အစီအစဥ်ရှိကြောင်း၊ ထမင်းဘူးတွေကိုလည်း စစ်ကြောင်းရှိနေတဲ့ရွာနားကို ဖြတ်ပြီး ခက်ခက်ခဲခဲ သယ်ယူခဲ့ရကြောင်း ဆိုပါတယ်။

အဲဒီစစ်ကြောင်းကို အရင်က ထွက်ပြေးတိမ်းရှောင်နေတဲ့ ပျူခေါင်းဆောင်တွေက ခေါ်လာတာဖြစ်ပြီး ရွာထဲမှာရှိတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်နေကြတယ်လို့ဆိုပါတယ်။

မင်းရွာကျေးရွာကို လွန်ခဲ့တဲ့ တပတ်လောက်က စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်လာလို့ ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပြီး စစ်ကြောင်းဟာ မြင်းခြံမြို့နယ်ဘက်ကနေ ထိုးလာတာဖြစ်ပါတယ်။

စစ်တပ်ဝင်လာမှာကို ကြိုတင်သတင်းမရတာကြောင့် အထုပ်တွေလည်း မဆွဲနိုင်ဘဲ ကိုယ်လွတ်ရုန်း ထွက်ပြေးကြရတတယ်လို့ မင်းရွာကျေးရွာက စစ်ဘေးရှောင် ဒေသခံတယောက်က ပြောပါတယ်။

“သက်ကြီး အဘိုးအဘွားတွေဆိုရင်လည်း မပြေးနိုင်လို့ ထမ်းပိုးခဲ့ရတာတွေရှိတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေဆိုလည်း မထားခဲ့နိုင်လို့ တွဲခေါ်ခဲ့ရတယ်။ တောထဲက သစ်ပင်အောက်တွေ၊ တွေ့တဲ့ ဇရပ်တွေမှာ အိပ်ကြရလို့ နေစရာထိုင်စရာ အခက်အခဲဖြစ်ပြီး မိုးရွာပြီဆိုရင် တော်တော်ဒုက္ခရောက်တယ်။ ကျန်းမာရေးနဲ့ပတ်သက်လို့ ဆေးဝါးလည်း မပြည့်စုံဘဲ ထမင်းတွေဆိုရင်လည်း တနေ့မှ တနပ်လောက်ပဲ စားခဲ့ရတယ်။ မြင်းခြံပြောက်ကျားတပ်ဖွဲ့ MG6 က ထမင်းဘူးတွေ ၂ ရက် လာလာလှူပေးတော့ တော်တော်ဝမ်းသာခဲ့ရတယ်။ နဂိုက ငါးပိထောင်း၊ လက်ဖက်သုတ်တွေနဲ့သာ စားခဲ့ရပြီး သူတို့လာလှူတဲ့နေ့မှာ အသားဟင်းတွေ အရံဟင်းတွေနဲ့ စားခဲ့ရတယ်။ ထုပ်ပိုးမှုတွေကအစ ဘူးတွေနဲ့ဆိုတော့ စေတနာပါတယ်။”

မင်းရွာကျေးရွာမှာ အိမ်ခြေ ၂၃၀ လောက်ရှိပြီး စစ်ကောင်စီစစ်ကြောင်းတွေက ရွာထဲမှာ​ကျန်ခဲ့တဲ့ ကြက်တွေ၊ နွားတွေကို သတ်ဖြတ်စားသောက်ပြီး ရွှေထည်ပစ္စည်းတွေနဲ့ ငွေကြေးတွေကိုလည်း ယူဆောင်တယ်။ ပြီးခဲ့တဲ့ ၂ လလောက်ကလည်း ရေလယ်ကျွန်းဒေသက ကျေးရွာတွေကို စစ်(...)တွေက မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၁၅၀ ကျော် မီးလောက်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့တွေ ပြေးလွှားနေရတာလည်း တော်တော်ပင်ပန်းနေပါပြီ။ တော်လှန်ရေးအဖွဲ့စည်းတွေ အများကြီးရှိတယ် ။အဲဒီအဖွဲ့တွေကို လှူကြပါ။ ဒီပွဲက အကုန်လုံး ပူးပေါင်းပါဝင်ပြီးတိုက်မှ နိုင်မယ့်ပွဲပါ” လို့ မင်းရွာကျေးရွာက စစ်ဘေးရှောင်ပြည်သူက ပြောပါတယ်။

အဲဒီစစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ ဆေးဝါး၊ အမိုးအကာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

မကွေးတိုင်းမှာ PDF စိုးမိုးနယ်မြေတွေ များပြားလာလို့ စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ အသည်းအသန် ထိုးစစ်ဆင်ကာ နယ်မြေပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေသလို တော်လှန်ရေးတပ်ဖွဲ့တွေမှာလည်း လက်နက်ခဲယမ်း လိုအပ်ချက်တွေ နေ့စဥ်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့အထိ နိုင်ငံတဝန်းမှာ နေရပ်စွန်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ဦးရေ ၇၈၃,၄၀၀ ရှိတယ်လို့ UNOCHA Myanmar က ဇူလိုင် ၂၀ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013